Skip to main content

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၆

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)ရှိ Meeting Hall ၌ ကျင်းပရာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု တစ်မျိုးတည်းကြောင့် နှစ်စဉ် လူဦးရေရှစ်သန်းကျော် သေဆုံးနေရပြီး အဆိုပါ လူဦးရေမှ ၁ ဒသမ ၂ သန်းသည် ကိုယ်တိုင်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့်မဟုတ်ဘဲ အခြားသူသောက်သုံးသည့် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ရောဂါများဖြစ်ပွား၍ သေဆုံးနေရပြီး အများစုသည် အမျိုးသမီးနှင့်ကလေးငယ်များဖြစ်သည်ကို တွေ့ရှိရကြောင်း။

၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကိုလည်း ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အများပြည်သူများအကြား ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုလျော့နည်းကျဆင်းရေးကို ရည်ရွယ်၍ ထုတ်ပြန်ကြော်ငြာခဲ့သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများ ကိုပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့ပြီးဖြစ်သည့်အတွက် အမိန့်စာကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အမိန့်စာပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းရှင်များဘက်မှ လိုက်နာဆောင်ရွက်ရန်ကိစ္စများကိုလည်း အထူးအလေးထားလိုက်နာကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး) ဒေါက်တာ ကျော်ကံကောင်းက “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။

ယင်းနောက် ဗဟိုအဖွဲ့အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြပြီး ဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်