Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၆

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်နှင့် အမျိုးသမီးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။         

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ NSPAW လုပ်ငန်းကော်မတီ (၁၂)ရပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကနဦးအစီရင်ခံစာနှင့် နှစ်နှစ်လျှင်တစ်ကြိမ် အစီရင်ခံစာတင်သွင်းနိုင်ရေး၊ ကျား၊ မ ရေးရာလုပ်ငန်းစဉ်များကို ကဏ္ဍစုံတွင်ထည့်သွင်းခြင်း (Gender Mainstream-ing) ဆောင်ရွက်နိုင်ရန် ခန့်အပ်ထားသည့် သက်ဆိုင်ရာဌာနများမှ Gender Focal Point များက လုပ်ငန်းဆောင်ရွက်မှုများကို သုံးလတစ်ကြိမ် အစီရင်ခံစာပြုစုတင်ပြရေးတို့ကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကတွင် တည်ရှိနေသောကြောင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့်ရေးဆွဲထားခြင်းဖြစ်၍ အမျိုးသား အမျိုးသမီးအားလုံး သိရှိနိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း - NSPAW တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ် (၁၂)ရပ်အနက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း NSPAW လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်