နေပြည်တော် ဇန်နဝါရီ ၆
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြီးစီးမှုနှင့်ပတ်သက်သည့် ဦးစီးကော်မတီလုပ်ငန်းသုံးသပ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဆပ်ကော်မတီများမှ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခင်နှစ် (၂၄)ကြိမ်မြောက် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ ၂၃၀၆ ဦး ယှဉ်ပြိုင်ခဲ့ပြီး ယခု(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၅၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ပြိုင်ပွဲဝင်အင်အား ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ်တွင် အချို့သောဘာသာရပ်များ၌ ဆုအရေအတွက် ပိုမိုချီးမြှင့်ပေးခဲ့သဖြင့် ပြိုင်ပွဲဝင်များ၏ စိတ်ဓာတ်ခွန်အားကို ဖြစ်စေခဲ့ပြီး ပြိုင်ပွဲဝင်များအတွက် ရွှေ၊ ငွေ၊ ကြေးနှင့် ဒိုင်းတံဆိပ်ဆု စုစုပေါင်း ၅၅၀ ကို ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်က အလေးထားကာ နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး နောင်နှစ်ပေါင်းများစွာ ရှင်သန်ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် ပြိုင်ပွဲ၏ အားသာချက်၊ အားနည်းချက်များကို အလေးဂရုပြုပြီး ဝိုင်းဝန်းသုံးသပ်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲကျင်းပပြီးစီးမှုနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်၊ အကြံပြုသုံးသပ်ချက်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားတို့၏ ရိုးရာတူရိယာများကို စုပေါင်းတီးခတ်ဖျော်ဖြေနိုင်ရန်အတွက် ဦးဆောင်ကြိုးပမ်းဖန်တီးပုံဖော်ဆောင်ရွက်ခဲ့သော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်