မင်းဘူး ဇန်နဝါရီ ၆
ယခုနှစ် ရွှေစက်တော်ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များအနေဖြင့် မင်းဘူးမြို့နှင့် ဆက်စပ်နေသည့် အထင်ကရနေရာများသို့ လာရောက်လေ့လာလည်ပတ်သူများပြားနိုင်ကြောင်း ရွှေစက်တော်ဘုရားပွဲတော်ကျင်းပနိုင်ရေးကော်မတီထံမှ သိရသည်။
“မန်းရွှေစက်တော် ဘုရားပွဲကို နွေရာသီရုံးပိတ်ရက်တွေမှာဆို ကျွန်တော်တို့ အောက်ပြည်အောက်ရွာကနေ အတော်လေးသွားကြတာများပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာအစစ်ဖြစ်နေတော့ ပိုပြီးစိတ်ဝင်စားမှုများတယ်လို့ ထင်ပါတယ်။ ရွှေစက်တော်ဘုရားပွဲက မကွေးမြသလွန်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းရွှေစက်တော်ပါဒစေတီတော်၊ စကုမြို့က တန်ခိုးကြီးဘုရားတွေ၊ အထင်ကရနေရာတွေ၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားတွေနဲ့ ခရီးစဉ်က တစ်ဆက်တစ်စပ်တည်းဖြစ်နေတော့ ခရီးသွားဧည့်သည်တွေအတွက်လည်း စိတ်ဝင်စားမှုရှိပြီး အသွားများကြတာပါ” ဟု ခရီးသွားတစ်ဦးက ပြောသည်။
မန်းရွှေစက်တော်ဘုရားပွဲကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်၊ ၁၃၈၆ ခုနှစ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ၇၅ ရက် ကြာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာခရီးသွား ပြည်သူများ အဆင်ပြေပြေဖူးမြော်နိုင်ရန် တည်းကျောင်းပေါင်း ၆၀၀ ကျော်၊ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် ဆောက်လုပ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ရွှေစက်တော် ဘုရားပွဲတော်ရာသီမှာ ရာသီဥတုကလည်းသာယာ၊ လမ်းခရီးကလည်း ကောင်းမွန်ပြီးခရီးစဉ်က တစ်ဆက်တစ်စပ်တည်းဖြစ်နေတာမို့ ဘုရားဖူးဧည့်သည်တွေ၊ အပန်းဖြေလေ့လာခရီးထွက်လိုသူတွေ စိတ်ချမ်းမြေ့စရာကောင်းလှတဲ့ ခရီးစဉ်ဒေသတစ်ခုဖြစ်ပါတယ်” ဟု ရွှေစက်တော်ဂေါပကဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
ဇေယျာနိုင်(ရွှေကန်မြေ)