Skip to main content

သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် ဆက်စပ်ဌာနများ ချိတ်ဆက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၆

သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း၏ သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဒေသခံများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စံပြသစ်တောစီမံကိန်းသည် သစ်တောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးစေရေးကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ဖော်ဆောင်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်ကြောင်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် ဆက်စပ်ဌာနများ ချိတ်ဆက်ဆောင်ရွက်ပြီး ရေရှည်တွင် ပိုမိုတိုးတက်ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ အခွင့်အလမ်းနှင့် အစီအစဉ်များ ရေးဆွဲနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ လှုပ်ရှားမှုပိုစတာများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြီး ပြည်သူအခြေပြုစံပြသစ်တောတည်ထောင်ခြင်း၏ သဘောသဘာဝနှင့် စီမံကိန်းလုပ်ငန်းတိုးတက်မှု၊ သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေခြင်းအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အလားအလာ၊ ဂေဟစနစ်ဝန်ဆောင်မှုနှင့် ဒေသခံပြည်သူအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်မှုတို့နှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်