နေပြည်တော် ဇန်နဝါရီ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်း “Digital Skill Up Training (TOT)” သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်နည်းပညာသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့်နည်းပညာတစ်ခုဖြစ်သောကြောင့် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာဗဟုသုတများအား မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသည့် လုပ်ငန်းရှင်များကို ပြန်လည်မျှဝေပေးရန်နှင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် ပြန်လည်အသုံးချကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ MSME လုပ်ငန်းများ ရေရှည်တည်တံ့စေရေးအတွက်ပင်မဖြစ်သော ဒေသတွင်းစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဌာနအနေဖြင့်လည်း လိုအပ်သည်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာရပ်ဆိုင်ရာသင်တန်းနည်းပြများက သင်ကြားပို့ချမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်