နေပြည်တော် ဇန်နဝါရီ ၄
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက်တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်ရရှိကြသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးများနှင့် တာဝန်ရှိသူများက တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်ရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။