Skip to main content

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်‌တော် ဇန်နဝါရီ ၃

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျား (H.E. Ms. Ma Jia) အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင်လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ မြန်မာနှင့်တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များ မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့ထုတ်ယူ၍ မျှဝေသုံးစွဲနိုင်ရန်အတွက် လျင်မြန်စွာပူးပေါင်းဆောင်ရွက်လိုသည့်အခြေအနေ၊ မြန်မာ-တရုတ်ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းကို ပူးပေါင်းဆောင်ရွက်ရေး၊ ရေနံစိမ်းပိုက်လိုင်းမှရရှိမည့် ရေနံစိမ်းကိုရယူပြီး ရေနံချက်စက်ရုံအသစ် ပူးပေါင်းတည်ဆောက်မည့်စီမံကိန်းဆိုင်ရာများ၊ မြန်မာနိုင်ငံ၏အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်