Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း) ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၃

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ညောင်ရွှေမြို့သို့ရောက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်ဆောင်ရွက်ထားသည့် သတင်းနှင့်ပြန်ကြားရေးကောင်တာတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် ခရီးစဉ်ဒေသဆိုင်ရာသတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ယဉ်ကျေးမှုပြတိုက် (ညောင်ရွှေ) သို့သွားရောက်ကာ ရှမ်းစော်ဘွားများ၏ အသုံးအဆောင်များ၊ အဝတ်အထည်များနှင့် မှတ်တမ်းဓာတ်ပုံများပြသထားမှု၊ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရာတွင် အဆင်ချောမွေ့စွာ လှည့်လည်ကြည့်ရှုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ခရီးသွားဆွဲဆောင်မှုနေရာ တစ်နေရာအဖြစ် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုမှာကြားသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ အထောက်အပံ့ဖြင့် တည်ဆောက်လျက်ရှိသည့် သင်တန်းကျောင်း (ကျိုင်းတုံ) သို့လည်းကောင်း၊ ညနေပိုင်းတွင် ကျိုင်းတုံမြို့အနီးပတ်ဝန်းကျင်၌ ခရီးသွားဆွဲဆောင်မှုများအဖြစ် ဖော်ထုတ်ဆောင်ရွက်နေသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) နှင့် အပန်းဖြေစခန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဗုဒ္ဓဥယျာဉ်တော်သို့လည်းကောင်း၊ ဘုရားဖူးခရီးစဉ် ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် တိမ်ပင်လယ်ရှုခင်းကြည့်ခရီးစဉ်နေရာ ဖော်ဆောင်နိုင်ရေးအတွက်လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်