နေပြည်တော် ဇန်နဝါရီ ၃
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့က ပညာရေးစုံညီပွဲတော်မုခ်ဦးကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသားကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်” တေးသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာရေးပြက္ခဒိန်တွင် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရေးအတွက် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ် ဇန်နဝါရီ ၃ ရက်ကို ပညာရေးစုံညီပွဲတော်နေ့အဖြစ် သတ်မှတ်ပြီး ဆုချီးမြှင့်ပွဲ၊ စွမ်းရည်ပြပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို တစ်နိုင်ငံလုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း၊ ကျောင်းသားလူငယ်များကို ကျောင်းသင်ဘာသာရပ်အပြင် လူတော်လူကောင်းတစ်ဦးအနေဖြင့် ဘဝတွင် ကြုံတွေ့ရမည့် ပြောဆိုဆက်သွယ်မှု၊ စီမံခန့်ခွဲမှု၊ လူမှုရေးတာဝန် သိတတ်ကျေပွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာဖြေရှင်းတတ်မှု၊ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်မှုစသည်တို့ကို ကျောင်းတွင်းလုပ်ငန်းများနှင့် လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။
လာမည့်ပညာသင်နှစ်များတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်ပညာရေးကဏ္ဍမှ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်သားကောင်း၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာအောင် ပညာရေးမိသားစုများအားလုံးနှင့် မိဘပြည်သူများ၊ ကျောင်းအကျိုးဆောင်များအားလုံး ဝိုင်းဝန်းပံ့ပိုးကူညီကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူ များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်းတို့က ဆုများချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ရွှေမြန်မာ သာယာငြိမ်းချမ်း” တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “ပန်းဥယျာဉ်ဝယ်” တေးသီချင်း၊ ပျဉ်းမနားမြို့နယ် အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသူလေးများက “ရွှေမြန်မာ” တေးသီချင်း၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “မလေးလက်ခတ်သံ” တေးသီချင်း၊ ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ထန်းရွက်ပုတီးလေး” “ခေတ်(၆)ခေတ်” “အောင်ပါစေ” တေးသီချင်းများဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးချုပ်များက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာဆုရရှိသူများ၊ National ICT Awards-2024 (Educational Project and skills Competition) ပြိုင်ပွဲဆုရရှိသူများ၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးဆုရရှိသူများ၊ နိုင်ငံဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် အမှတ်စဉ် (၇၃) စစ်ရေးပြထူးချွန်ဆုနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)တွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက-၃) ၏ သိပ္ပံဘာသာရပ်ဆိုင်ရာ သင်ထောက်ကူ ပြခန်း၊ ဇေယျာသီရိမြို့နယ်နှင့် နေပြည်တော်ကိုယ်ပိုင် ကျောင်းအသင်းမှ သင်ရိုးသစ် သင်ထောက်ကူပြခန်း၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲပြခန်း၊ စွန့်ဦးတီထွင်ပြခန်း တို့ကို ကြည့်ရှုလေ့လာ အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်