Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော် ဇန်နဝါရီ ၄

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ဂုဏ်ပြုဝမ်းမြောက်နှုတ်ဆက်စကားများ ပို့သအပ်ပါသည်။

ပြီးခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံအကြား နွေးထွေးသည့်ဆက်ဆံရေးနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများကို တွေ့မြင်ရသဖြင့် မိမိအနေဖြင့်ဝမ်းမြောက်မိပါသည်။ မိမိတို့နှစ်နိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ပံ့ပိုးကူညီလျက်ရှိပါသည်။ လာမည့်နှစ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတည်ထောင်သည့်နှစ် (၇၀) ပြည့်မြောက်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးနှင့် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မိမိတို့အတူတကွ အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအတွက် ပိုမိုနက်ရှိုင်းတိုးတက် ခိုင်မာမှုရှိလာစေမည်ဖြစ်ပါသည်။

အခါအခွင့်ကြုံခိုက် အဆွေတော်ကျန်းမာရွှင်လန်းပြီး အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ သာယာဝပြောမှု အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနေ့ အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားလိုပါသည်။

အစဉ်အလာအားဖြင့် ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုတို့ကို အခြေခံထားသည့် ရုရှား-မြန်မာ ဆက်ဆံရေးသည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေသည့်အတွက် ဝမ်းမြောက်အားရမိပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက မိမိတို့တွေ့ဆုံစဉ် ရရှိခဲ့သည့် သဘောတူညီချက်များနှင့်အညီ နိုင်ငံရေးဆွေးနွေးပွဲနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်ဆောင်ရွက်ရန်အသင့်ရှိပါသည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းသည် ရုရှားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် အရှေ့တောင်အာရှနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည်ဟု မိမိတို့အနေဖြင့်ယုံကြည်ပါသည်။

အဆွေတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လုပ်ဖော်ကိုင်ဖက်များကျန်းမာ၍ အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမစ္စတာ မက်ဆင် ရူဇန်ကော့ဗ်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယအတွက် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။

မိမိတို့နှစ်နိုင်ငံသည် ဒေသတွင်းနှင့်ကမ္ဘာ့ရေးရာကိစ္စရပ်များကို တူညီသောအမြင်များဖြင့် စောင့်ကြည့်လျက်ရှိသည့် တာဝန်ရှိသောမိတ်ဖက်များဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက အဆွေတော်၏ဘယ်လာရုစ်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နှင့်မင့်စ်မြို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်ခဲ့ခြင်းတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး၏သမိုင်းတွင် စာမျက်နှာသစ်ဖြစ်လာပါသည်။

၂၀၂၄ ခုနှစ်ကကျင်းပခဲ့သည့် ဘယ်လာရုစ် - မြန်မာသံတမန်ဆက်ဆံရေးထူထောင်မှု (၂၅) နှစ်မြောက်အခါသမယသည် နှစ်နိုင်ငံဆက်သွယ်မှု၏ အရှိန်အဟုန်ဖြင့် အပြုသဘောဆောင်စွာ တိုးတက်လျက်ရှိသည်နှင့် တိုက်ဆိုင်နေသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရပါသည်။

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနတို့အကြား အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် မကြာမီကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အဆွေတော်၏ပံ့ပိုးကူညီမှုများရရှိနိုင်ရေး မျှော်လင့်ပါသည်။

အဆွေတော်ကျန်းမာပြီး လုပ်ငန်းတာဝန်များ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် အဆွေတော်အား ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။         

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံသို့ ပါကစ္စတန်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဆီးနိတ်တာ မိုဟာမက် အီရှပ်ဒါး ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရနှင့် ပြည်သူများထံသို့ပါကစ္စတန် အစ္စလာမ်မစ်သမ္မတ နိုင်ငံပြည်သူများနှင့် အစိုးရကိုယ်စား မိမိကဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။

နှစ်နိုင်ငံအကြား ၁၉၄၈ ခုနှစ်တွင် သံတမန်ဆက်ဆံရေး တည်ထောင်ပြီးချိန်မှစတင်၍ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းထားရှိပါသည်။ မိမိတို့ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် ဆက်လက်တိုးတက်နေမည်ဟုယုံကြည်ပါသည်။

အခွင့်ကြုံခိုက်အဆွေတော်ကျန်းမာပျော်ရွှင်၍ အောင်မြင်မှုများရရှိပါစေကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ရေရှည်တည်တံ့သည့်တိုးတက်မှုနှင့် သာယာဝပြောမှုတို့ ရရှိပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမစ္စ ချိုဆွန်းဟွာထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယအတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်သလိုပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆွေတော်၏လုပ်ငန်းဆောင်တာများ ပိုမိုတိုးတက်အောင်မြင်စေရန်ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဖြတ်အစိုးရအဖွဲ့၏နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် မစ္စတာမိုဟာမက်တိုဟိဒ် ဟူစိန် ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သူများထံသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူများက နှုတ်ခွန်းဆက်သပါကြောင်းနှင့် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ မြန်မာပြည်သူများတိုးတက်၍ ငြိမ်းချမ်းပြီးသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းဖြစ်သည့်အတွက် အပြန်အလှန်လေးစားမှုကို အခြေခံလျက်မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ဆက်ဆံရေးကိုဖွံ့ဖြိုးတိုးတက်စေလျက် ပိုမိုခိုင်မာသည့်ဆက်ဆံရေးတည်ဆောက်သွားရန် ကတိကဝတ်ပြုပါသည်။