Skip to main content

လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင် နိုင်ငံသားတိုင်း၏တာဝန် ကျေပွန်

လွတ်လပ်ရေးဆိုသည်မှာ တစ်ဦးတစ်ယောက် ကောင်းစားရန်ဖြစ်စေ၊ အများကောင်းစားရန်ဖြစ်စေ ပြုလုပ်ရာတွင် အခြားတစ်ဦးတစ်ယောက်၏အကျိုးကိုဖြစ်စေ၊ အခြားသူများ၏အကျိုးကိုဖြစ်စေ မထိခိုက်စေဘဲ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက်လုပ်နိုင်ခြင်းသည် လွတ်လပ်ရေးဖြစ်သည်ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဖွင့်ဆိုခဲ့သည်။ ထို့ပြင် လွတ်လပ်ရေးဆိုသည့်အဓိပ္ပာယ်သည် စည်းနှင့်ကမ်းနှင့်သဘောမျိုးသာဖြစ်ကြောင်း၊ လွတ်လပ်ရေးရသည့်အခါတွင် တိုင်းပြည်သည် ပို၍စည်းကမ်းရှိဖို့လိုသည်ဟူ၍လည်း ညွှန်ပြခဲ့သည်။

အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံသားဘဝဟူသည် လွတ်လပ်သည့်အခွင့်အရေးများရရှိသကဲ့သို့ နိုင်ငံသားတို့၏တာဝန်များလည်းရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များတွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်၊ နိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးတာဝန်၊ ဥပဒေနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန်တာဝန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေးတာဝန်၊ ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ဟူသော တာဝန်များရှိသကဲ့သို့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန်ကြိုးပမ်းခြင်း၊ အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသောကိစ္စရပ်များတွင် နိုင်ငံသားတိုင်းက နိုင်ငံတော်ကိုကူညီကြရန် တာဝန်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံသားတိုင်းတာဝန်ကျေပွန်ကြမည်ဆိုပါက မိမိတို့နိုင်ငံသည်တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့်နိုင်ငံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် နိုင်ငံတော်ကို လျင်လျင်မြန်မြန်၊ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ လွတ်လပ်သည့်နိုင်ငံသား ဖြစ်လာသည့်အခါတွင် ပိုပြီးစည်းကမ်းရှိရမည်ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်နှင့်အညီ နိုင်ငံသားတိုင်း စည်းနှင့်ကမ်းနှင့်ဥပဒေနှင့် တာဝန်ကျေပွန်ခဲ့ကြလျှင်၊ အခြားနိုင်ငံများထက် ၄၊ ၅၊ ၁၀ ဆ ပို၍ အလုပ်လုပ်ခဲ့ကြလျှင် ကုန်လွန်ခဲ့သည့် ၇၇ နှစ်တာကာလသည် မိမိတို့နိုင်ငံကို ကမ္ဘာ့ထိပ်တန်းစာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် များစွာလုံလောက်သည့်အချိန်ကာလပင်ဖြစ်သည်။ အတိတ်သမိုင်းသည် သင်ခန်းစာယူရန်လည်း ဖြစ်သည့်အလျောက် လွပ်လပ်သည့်နိုင်ငံဘဝသို့ ရောက်ရှိလာချိန်တွင် မိမိတို့သည် တစ်ဦးတစ်ယောက်ကောင်းစားရန် သို့မဟုတ် လူအများကောင်းစားရန်ဆောင်ရွက်ကြရာ၌ အခြားတစ်ယောက်၏ အကျိုးကိုဖြစ်စေ၊ အခြားလူအများအကျိုးကိုဖြစ်စေ ထိခိုက်စေခဲ့သလော။ စည်းနှင့်ကမ်းနှင့်ဖြစ်သည့်လွတ်လပ်မှုတွင် စည်းမဲ့ကမ်းမဲ့ခဲ့ကြသလော စသည်တို့ကို ပြန်လည်အောက်မေ့ဆင်ခြင်၍ ပြုပြင်သွားကြရန်လိုသည်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ခွင့်တူညီမျှသည့် နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် မိမိတို့သည် ခေတ်အခါအလျောက် ကျရောက်လာသည့်တာဝန်များကို ကျေပွန်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ကျရောက်လာသည့် မိမိတို့၏အရေးကြီးသည့်တာဝန်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံကာကွယ်ရေးပင်ဖြစ်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ထားရမည့် တာဝန်များပင်ဖြစ်ရာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်း တာဝန်ကျေပွန်ကြရန် (၇၇) နှစ်မြောက် လွတ်လပ်ရေးအခါသမယတွင် နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။