နှစ်သစ်ကို သာယာချမ်းမြေ့စွာ ဖြတ်သန်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဒေသခံပြည်သူမိသားစုဝင်များ နှစ်သစ်ကူးအကြိုကာလနှင့် နှစ်သစ်ကူးပြောင်းချိန်ကာလများတွင် အလှူအတန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲခဲ့သည်ကို စိတ်ချမ်းမြေ့ဖွယ် မြင်တွေ့ရသည်။ အခြားတစ်ဖက်တွင် မငြိမ်းချမ်းသောဒေသများရှိ ပြည်သူများမှာ ပျော်ရွှင်ချမ်းမြေ့မှုများနှင့်ကင်းဝေးပြီး စိုးရိမ်ပူပန်မှုများနှင့် ကြုံနေကြရသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့ရသည်။
လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေး၏ အသီးအပွင့်များကို အညီအမျှခံစားသင့်ပေသည်။ ထိုသို့ မညီမမျှဖြစ်နေကြရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားတိုးတက်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံရေးအယူအဆ ကွဲပြားမှုများကြောင့် လက်နက်စွဲကိုင်ကာ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခအသွင်ဆောင်ခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
ယနေ့ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးမရမီက ဆင်နွှဲခဲ့သော တော်လှန်ရေးနှင့်မတူပေ။ ယနေ့ လက်နက်ကိုင်ပဋိပက္ခများသည် ပထဝီနိုင်ငံရေးအခြေအနေများနှင့် နိုင်ငံရေးရည်မှန်းချက်ရှိသော အစုအဖွဲ့များက လက်နက်ကိုင်တပ်ဖွဲ့ပုံစံဖွဲ့၍ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းနေခြင်းဖြစ်သည်။ ပဋိပက္ခများဖြစ်ပွားနေခြင်းသည် နိုင်ငံရေးပြဿနာကို ဦးစားမပေးဘဲ စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းလိုခြင်းကြောင့်ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခြင်းသည် သွေးကွဲခြင်းမှဖြစ်ပေါ်လာသည့် မယုံကြည်မှု၊ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်မရနိုင်မှု၊ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုမှုစသည့် တစ်မျိုးမဟုတ်တစ်မျိုး အကြောင်းရှိနိုင်သည်။
ယင်းအချက်သုံးချက်တွင် လက်နက်ကိုင်နည်းလမ်းမှလွဲ၍ နိုင်ငံရေး ရည်မှန်းချက်နှင့် မယုံကြည်မှုတို့ကို ပြေပျောက်စေရန် တည်ဆောက်နိုင်သည်။ ထိုသို့တည်ဆောက်နိုင်ရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အခြေခံမူဘောင်များကို အားလုံးသဘောတူညီမှုဖြင့် ချမှတ်ထားသည်။ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် လက်နက်ကိုင်နည်းလမ်းကို လိုလားသောအဖွဲ့အစည်းများက စစ်ရေးနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းလျက်ရှိသည်။ အကျိုးဆက်မှာ မငြိမ်းချမ်းသောဒေသများမှ ပြည်သူများ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြင့် ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့နေရသည်။
ကုန်လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကာလတစ်လျှောက်လုံးသည် လက်နက်ကိုင်ပဋိပက္ခများဖြင့်သာ အဆုံးသတ်ခဲ့ရသည့် ကာလများမဟုတ်ပေ။ ခေတ်ကာလအလိုက် ငြိမ်းချမ်းရေးအတွက် မျက်နှာချင်းဆိုင် စားပွဲဝိုင်းထိုင် ဆွေးနွေးခဲ့ကြသည့် ကာလများလည်းရှိခဲ့သည်။ မယုံကြည်မှု၊ ငြင်းဆန်မှု၊ တင်းခံမှု၊ မာနများ၊ အာဃာတများကို ယူဆောင်လာကာ ရှေ့တန်းတင်ခဲ့ကြပြီး အပြန်အလှန် နားလည်စာနာမှု၊ အပြန်အလှန်လေးစားမှု၊ အမြော်အမြင်ရှိစွာဖြင့် လိုက်လျောမှု၊ အပေးအယူပြုမှု၊ သည်းခံမှုတို့ ပျောက်ဆုံးခဲ့သောရလဒ်များမှာ အားလုံးသိရှိပြီး ဖြစ်သည့်အတိုင်း အဆုံးမသတ်နိုင်သော ပဋိပက္ခသံသရာသို့သာ ပြန်လည်သက်ဆင်း နေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းလိုသော နိုင်ငံရေးမှာ ရလဒ်မထွက်နိုင်သည်ကို မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများ၏ ဖြစ်ရပ်များက သက်သေပြလျက်ရှိသည်။
နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထားဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်သည်။ အဓိကမှာ ငြိမ်းချမ်းရေးကိုလိုလားသည့် ဆန္ဒအရင်းခံရှိရန်နှင့် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး မယုံကြည်မှု၊ နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကိုလျှော့ချကာ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ ရည်မှန်းချက်သို့ ရောက်နိုင်မည်။ ထာဝရငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသော သဘောထားမှတ်ချက်များကို မှတ်တမ်းတင်ထားပြီး နောင်ပေါ်ပေါက်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို အစဉ်အမြဲဖိတ်ခေါ် ကြိုဆိုတံခါးဖွင့်ထားလျက်ရှိရာ အာဃာတများ၊ မာနတရားများကိုထားရစ်ခဲ့ပြီး ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူများ၏ ရေရှည်အကျိုးကိုမြော်တွေးပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရန်၊ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူအားလုံး ပျော်ရွှင်ချမ်းမြေ့မှုကို တန်းတူညီမျှခံစားရရှိနိုင်ရန် ယခုနှစ်သစ်မှစတင်၍ တိုင်းပြည်ကောင်းကျိုးကို ဆောင်ကြဉ်းပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း။ ။