ရန်ကုန် ဒီဇင်ဘာ ၃၁
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်ထုတ်လုပ်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့အား အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) ဧည့်ရိပ်သာ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူများက လက်ရှိရေနံချက်စက်ရုံ(ခ)မှ အသုံးပြုနိုင်သည့် စက်ပစ္စည်းများအား ပြန်လည်ဆယ်တင်ပြုပြင်မွမ်းမံဆောင်ရွက်နေမှု အခြေအနေများ၊ ပထမအဆင့်အနေဖြင့် ဆယ်တင်စက်ပစ္စည်းများ ထည့်သွင်းအသုံးပြု၍ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန်ငါးသိန်းချက်လုပ်နိုင်မည့် Modular Type စက်ရုံသစ် တည်ဆောက်နိုင်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဆွေးနွေးမှာကြား
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လက်ရှိစက်ရုံမှ ပြန်လည်ဆယ်တင်အသုံးပြုနိုင်မည့် စက်ပစ္စည်းများ၊ ရှိရင်းစွဲအခြေခံအဆောက်အအုံများနှင့် အရင်းအမြစ် (Utilities) များကို အတတ်နိုင်ဆုံးပြုပြင်မွမ်းမံ၍ ပြန်လည်အသုံးချပြီး စက်ရုံသစ်အား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံသစ်တည်ဆောက်မည့် မြေနေရာရှင်းလင်းခြင်း၊ စက်ရုံ၏ဒီဇိုင်းနှင့် ပုံစံတို့အား အတည်ပြု၍ စက်ပစ္စည်းများထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ လုပ်ငန်းခွင်ဧရိယာသို့ ပို့ဆောင်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်း၊ သိုလှောင်ကန်များနှင့် ပိုက်လိုင်းကွန်ရက်များ ပြုပြင်တည်ဆောက်ခြင်း၊ ကုန်ကြမ်းရေနံစိမ်းသယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ခြင်း၊ စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သော စက်ရုံသုံးရေ၊ သဘာဝဓာတ်ငွေ့ရယူခြင်းနှင့် လျှပ်စစ်ဓာတ်အား လိုင်းတည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို သတ်မှတ်အချိန် ဇယားအတိုင်းပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို တစ်ပြိုင်တည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် စက်ရုံလည်ပတ်ရေးအတွက် စက်ရုံကိုင်တွယ်ထိန်းသိမ်းခြင်း သင်တန်းများ ကြိုတင်ဖွင့်လှစ်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)မှ အသုံးပြုနိုင်သည့် စက်ပစ္စည်းများ ပြန်လည်ဆယ်တင်ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများ၊ စက်ရုံအသစ်တည်ဆောက်မည့် မြေနေရာရှင်းလင်းမှုအခြေအနေများ၊ စက်ဆီချောဆီရောစပ် စည်သွတ်စက်ရုံ၊ ရေနံဓာတ်ငွေ့ရည်သိုလှောင် ဖြန့်ဖြူးရေးဌာနနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်