နေပြည်တော် ဒီဇင်ဘာ ၃၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၂၃ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၄၁ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၈၉၂၇၁၇၂ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အရာတော်မြို့ မြို့လယ်ကျောက်တိုင်လမ်းဆုံအနီး၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအနီး၌ လိုင်စင်မဲ့ Toyota Ipsum မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၈/၀)၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၁၉၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Hyundai Starex Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၉၄၁၉၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် မီးသွေး ၄ ဒသမ ၁၆၀ တန်၊ ကျွန်းသစ် ၆ ဒသမ ၆၄၀ တန်၊ သစ်မာ ၁ ဒသမ ၂၁၇ တန်၊ အခြားသစ် ၂ ဒသမ ၉၀၃ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၉၄၆၁၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၄၉၆၃၆၉၀)ကို ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးပစ္စည်းများ တရားမဝင်တင်သွင်းလာသည်ကို တွေ့ရှိရပြီး ထိုကဲ့သို့ တရားမဝင်ပစ္စည်းများတင်သွင်းလာမှုကြောင့် တရားဝင်တင်သွင်းသည့် လုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာမှုဖြစ်စေခြင်းနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်အား ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမို၍တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်