Skip to main content

ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ ၂၀၂၅ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းလွှာ

ကမ္ဘာသုံးခရစ်နှစ် ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသွားတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါပဲ ဖြစ်ပါတယ်။ နှစ်သစ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေ ကမ္ဘာသူ /သား အားလုံးသော ခုနစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ စီးပွားဥစ္စာရတနာတွေလည်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွားနိုင်ကြပါစေ။ သာသနာအကျိုး၊ ဘာသာအကျိုး၊ သတ္တဝါအကျိုး၊ တိုင်းကျိုးပြည်ကျိုး၊ ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ကြတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပြီး မကောင်းတဲ့စိတ်ကို ပယ်ဖျောက်ပြီး ကောင်းတဲ့စိတ်တွေရောက်၍ မကောင်းတာတွေဖျောက်ပြီး ကောင်းတာတွေ ရောက်ကြပါစေလို့ နှစ်သစ်မင်္ဂလာမှာ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

မြတ်စွာဘုရားဟောကြားတော်မူတဲ့ လူသားတိုင်း လူသားတိုင်းမှာ သူတော်ကောင်းတရား ခုနစ်ပါးနဲ့ ပြည့်စုံနိုင်ကြပါစေ။ သူတော်ကောင်းတရားခုနစ်ပါးကို လူမျိုးဘာသာမရွေး အားလုံးစောင့်ထိန်းရမှာဖြစ် ပါတယ်။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ ဩတ္တပဆိုတဲ့ သူတော်ကောင်းတရားခုနစ်ပါးကို မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ၊ ကမ္ဘာသူကမ္ဘာသားတွေ၊ ခုနစ်ရက်သား သမီးတွေအားလုံး၊ လူသားတိုင်းစိတ်မှာ ကိန်းပြီး ချမ်းသာခြင်းကိုရကြပါစေ။ နှစ်ဟောင်းက မကောင်းတာတွေ ပယ်ဖျောက်ပြီး နှစ်သစ်မှာ ကောင်းကျိုးချမ်းသာတွေရအောင် သူတော်ကောင်းတရားတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းမေတ္တာပို့ပါတယ်။

သဒ္ဓါဆိုတာက ယုံကြည်မှုပါပဲ၊ လူသားတွေ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ကြတယ်။ ဒီတော့သတ္တဝါတိုင်းနဲ့ဆိုင်တဲ့ ကံဆိုတာရှိတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ ကာယကံပေါ့၊ နှုတ်ကလည်းကောင်းတာတွေပြောရင် ကောင်းတာတွေဖြစ်ကြမယ်၊ မကောင်းတာတွေပြောရင် မကောင်းတာတွေဖြစ်ကြမယ်၊ ဝစီကံပေါ့၊ စိတ်ကလည်း ကောင်းတာတွေ ကြံစည်ရင် ကောင်းတာတွေဖြစ်သလို မကောင်းတာတွေ ကြံစည်ရင် မကောင်းတဲ့ အကျိုးတွေဖြစ်ကြမယ်၊ အဲ့ဒါကြောင့် ကံနဲ့ ကမ္မနိယာမသဘောတရားတွေအရ ဘုန်းကြီးတို့ အားလုံးကို ဆုတောင်းမေတ္တာပို့ပါတယ်။ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ခုနစ်ရက်သားသမီး သတ္တဝါတွေကောင်းတဲ့ ကာယကံတွေနဲ့ ဆောင်ရွက်နိုင်ကြပါစေ၊ ကောင်းတဲ့ ဝစီကံနဲ့ ပြောဆိုနိုင်ကြပါစေ၊ ကောင်းတဲ့ မနောကံနဲ့ကောင်းတဲ့ အကြံအစည်တွေကို အမြဲတမ်းကြံစည်တွေးတောနိုင်ကြပါစေ၊ ကောင်းတဲ့မနောကံနဲ့ ကြံကြမယ်၊ ကောင်းတဲ့ ဝစီကံနဲ့ ပြောကြမယ်၊ ကောင်းတဲ့ ကာယကံနဲ့ လုပ်ကြမယ်ဆိုရင် လောကကြီးတစ်ခုလုံးက ဘယ်တော့မှ ဆိုးကျိုးတွေမဖြစ်နိုင်ပါဘူး၊ ကောင်းကျိုးတွေသာလျှင် ရရှိမှာဖြစ်ပါတယ်။

ထို့အတူပဲ ကံနဲ့အကျိုးပေးဆိုတာ သတ္တဝါတွေကို ဘယ်သူမှကယ်လိုမရဘူး၊ မိုးလင်းကနေမိုးချုပ်အထိ ကိုယ့်မနောကံကို ပြန်စစ် ကြည့်စမ်းပါ၊ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပတ်သက်တဲ့ကံတွေမှာ မိမိရဲ့ စိတ်ကဘယ်လောက်အထိ ကောင်းတာတွေကြံတယ်၊ တွေးတယ်၊ နှလုံးသွင်းတယ်ဆိုတာ မိမိကိုယ် အသိဆုံး၊ မကောင်းတာတွေကို ကြံမယ်တွေးမယ်၊ နှလုံးသွင်းနေရင် မကောင်းတာတွေပဲရမယ်၊ မကောင်းတဲ့အကျိုးဆိုတာ ဘယ်တော့မှ ချမ်းသာမှုမရဘူး၊ နှစ်ဟောင်းတွေကုန်ပြီး နှစ်သစ်ကို ကူးပြောင်းတဲ့အခါမှာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားနဲ့တကွ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ မကောင်းတဲ့အရာမှန်သမျှ မကြံဖြစ်ကြပါစေနဲ့၊ မပြောဖြစ်ကြပါစေနဲ့၊ မလုပ်ဖြစ်ကြပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့ပါတယ်။

သတ္တဝါတိုင်း၊ သတ္တဝါတိုင်း လူ့ဘဝရဲ့တန်ကြေးကသည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ ဩတ္တပ သူတော်ကောင်းတရားခုနစ်ပါးနဲ့ ပြည့်စုံပြီး အစစအရာရာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် အမြဲတမ်းနှလုံးသွင်းဆောင်ရွက်ကြမယ်ဆိုရင် ကိုယ့်ဘဝလည်း လူဖြစ်ရကျိုးနပ်ပြီး သံသရာမှာ အပါယ်တံခါးပိတ်သုဂတိနိဗ္ဗာန်ထိအောင် ကောင်းကျိုးချမ်းသာ ရနိုင်တယ်ဆိုတာ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း အားလုံးဆောင်ရွက်မယ်ဆိုရင် လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတိုင်အောင် ကောင်းကျိုးချမ်းသာ ရနိုင်ပါတယ်ဆိုတာ အားလုံးယုံကြည်ကျင့်သုံးကြဖို့ တိုက်တွန်းရင်း နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်တဲ့အခါမှာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံက ကင်းလွတ်ပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာထက်ကင်းလွတ်သော နိဗ္ဗာန်ဆိုတဲ့ သံတ္တိသုခ၊ သဒ္ဓါ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ ဒုက္ခကင်းကင်းနဲ့ နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးချမ်းသာကို ရရှိခံစားနိုင်ပါစေလို့ နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ကူးတဲ့အခါမှာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။