ယနေ့ဟာ တစ်ကမ္ဘာလုံးအများသုံးဖြစ်သည့် ခရစ်နှစ် ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာအခါသမယနေ့ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် နှစ်သစ် မင်္ဂလာအခါသမယနေ့မှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူပြည်သူများအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နှစ်သစ်ဖြစ်ပါစေ။
ဗုဒ္ဓေါလောကေသမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ၊ ဧတေနသစ္စ ဝဇ္ဇေနသောတ္ထိတေ ဟောတု သဗ္ဗဒါ -လောကတွင် အမြတ်ဆုံးဖြစ်သော ဘုရားမြတ်ရတနာသည် အားလုံးသော သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ လောကတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏။ ဤစကားသည် မှန်ကန်ပါ၏၊ ဤမှန်ကန်သောသစ္စာစကားကြောင့် ကမ္ဘာသူကမ္ဘာသား၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး မေတ္တာပွား၍ သတ္ထန္တရကပ်ဘေးမှ အခက်အခဲမရှိ အမြန်ဆုံးလွတ်မြောက်ကြပါစေကုန်သတည်း။
ဓမ္မောလောကေသမုပ္ပန္နော သုခါယ သဗ္ဗပါဏိနံ၊ ဧတေနသစ္စ ဝဇ္ဇေန သောတ္ထိတေ ဟောတု သဗ္ဗဒါ -လောကတွင် အမြတ်ဆုံးဖြစ်သော တရားတော်မြတ်ရတနာသည် အားလုံးသော သတ္တဝါတို့၏ သုခချမ်းသာအလို့ငှာ လောကတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏။ ဤစကားသည် မှန်ကန်ပါ၏၊ ဤမှန်ကန်သောသစ္စာစကားကြောင့် ကမ္ဘာသူကမ္ဘာသား၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး အလောဘတည်းဟူသော တရားကိုပွား၍ ဒုဗ္ဘိက္ခန္တရကပ်ဘေးမှ အခက်အခဲမရှိ အမြန်ဆုံးလွတ်မြောက်ကြပါစေကုန်သတည်း။
သံဃောလောကေသမုပ္ပန္နော အနုတ္တရံပုညက္ခေတ္တံ၊ ဧတေနသစ္စ ဝဇ္ဇေနသောတ္ထိတေ ဟောတု သဗ္ဗဒါ-လောကတွင် အမြတ်ဆုံးဖြစ်သော သံဃာတော်မြတ်ရတနာသည် အားလုံးသော သတ္တဝါတို့၏ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေအဖြစ် လောကတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏။ ဤစကားသည် မှန်ကန်ပါ၏၊ ဤမှန်ကန်သောသစ္စာစကားကြောင့် ကမ္ဘာသူကမ္ဘာသား၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး အမောဟတည်းဟူသော တရားကိုပွား၍ ရောဂန္တရကပ်ဘေးမှ အခက်အခဲမရှိ အမြန်ဆုံးလွတ်မြောက်ကြပါစေကုန်သတည်း။
ဧတေန သစ္စဝဇ္ဇေန - ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် ကမ္ဘာသူ ကမ္ဘာသား၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွားငြိမ်းချမ်းသာယာကြပါစေကုန်သတည်းဟူ၍ နှစ်သစ်မင်္ဂလာဆုတောင်းပတ္ထနာပြုလိုက်ပါသည်။