Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြမြို့နယ် ဓနုံးချောင်းကျေးရွာ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးသင်တန်း ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဓနုံးချောင်းကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိသည့် ဒေသထွက်ကုန်ကွမ်းသီးဖတ်မှ တန်ဖိုးမြင့်လူသုံးပစ္စည်းများ ထုတ်လုပ်ရေးသင်တန်းကို ကြည့်ရှုအားပေးသည်။

မြောင်းမြမြို့နယ်တွင် ကွမ်းသီးစိုက်ဧက ၁၄၄၆ ဧကရှိပြီး ဓနုံးချောင်းအုပ်စုအတွင်း၌ ၇၅ ဒသမ ၇၀ ဧက စိုက်ပျိုးထားပြီးဖြစ်ရာ ကွမ်းသီးဖတ်သည် စွန့်ပစ်ပစ္စည်းအနေဖြင့်သာရှိနေသောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အစားထိုးသုံးစွဲနိုင်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များမှ ဝင်ငွေရရှိရေးတို့အတွက် သင်တန်းပို့ချပေးခြင်းဖြစ်ပြီး ယင်းလုပ်ငန်းကို ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်နေသော M Treasure ကုမ္ပဏီနှင့် ချိတ်ဆက်၍လည်း လုပ်ငန်းများတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဓနုံးချောင်းကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ မိမိတို့တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်၊ မိုးစပါး၊ နွေစပါးနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန် တိုက်တွန်းမှာကြားပြီး ဓနုံးချောင်းကျေးရွာအဝင် လမ်းပြုပြင်ဖောက်လုပ်ပေးရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်