Skip to main content

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၃၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျော်ဘွယ်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၅၂ တန်၊ အခြားသစ် ၅ ဒသမ ၂၄၉ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၆၃၂၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၁၃ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၇၂၂၄၀၂)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၇၀၂၈၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီး၊ Hino Profia Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၆၈၉၂၆၈၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်မီးသွေး ၂ ဒသမ ၈၈၀ တန်၊ ကျွန်းသစ် ၀ ဒသမ ၅၅၅ တန်၊ သစ်မာ ၀ ဒသမ ၁၉၂ တန်၊ အခြားသစ် ၀ ဒသမ ၉၂၉ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၁၀၄၅ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေ

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၉၅၃၀၀၄၉ ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက်အခွန်ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်