နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပသည့် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် ၂ ၌ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ယနေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ မွန်းလွဲပိုင်းမှစတင်၍ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ဂီတဖျော်ဖြေပွဲကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းများအတွင်းသို့ မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့အလိုက် ပါဝင်ဆင်နွှဲရန် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် တဖွဲဖွဲလာရောက်ကြသည်ကို တွေ့မြင်ရသည်။
ထိုသို့ တေးဂီတဖျော်ဖြေပွဲသို့ လာရောက်ပါဝင်ဆင်နွှဲကြသူများကိုလုံခြုံစိတ်ချစွာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ကွင်းအတွင်းသို့ဝင်ရောက်စဉ် တာဝန်ရှိသူများက ဝင်ပေါက်ဂိတ်များတွင် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး ဖျော်ဖြေပွဲဝန်းကျင်နေရာများ၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေချာကြည့်ရှု စောင့်ကြပ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။
တေးဂီတဖျော်ဖြေပွဲသို့ ဝင်ရောက်ရသည့် ဂိတ် (၁) နှင့် (၄) အဝင်ဝမှ ဖျော်ဖြေပွဲကျင်းပမည့် စတိတ်စင်အထိ လျှောက်လမ်းများတွင် ရောင်စုံအလှမီးများ လှပဝေဆာစွာ ဆင်ယင်ထွန်းညှိ ထားသည့်အပြင် ပွဲတော်ရက်အတွင်း လာရောက်အပန်းဖြေလည်ပတ်ကြမည့် ကလေး/လူကြီးများ စိတ်အပန်းဖြေပျော်ရွှင်စေရန်အတွက် ပွဲတော်အတွင်းရှိနေရာများ၌ နီယွန်အလှမီးများဖြင့် ထွန်းညှိအလှဆင်ထားပြီး အလှဓာတ်ပုံရိုက်ရန် Photo Booth များ၊ အပျော်တမ်းဂိမ်းကစားနည်းများ၊ ချားရဟတ်နှင့် ကလေးကစားကွင်းများကို ထည့်သွင်းထားရာ လူများစိတ်ပါဝင်စားသည့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။
တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်များ၊ Dancer များက DJ ပညာရှင်များ၊ Music Band များဖြင့်တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံမှ Copy Show အဖွဲ့က “The Gang Of Popular Copy Show” ဖြင့်လည်းကောင်း ကပြသီဆိုဖျော်ဖြေ တင်ဆက်ကြရာ ပရိသတ်များ အားပါးတရ လိုက်ပါသီဆို၍ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် လာရောက်လည်ပတ်ကြသူများ စားရေးသောက်ရေး အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်များအပါအဝင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာ စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobile Toilet များ ထားရှိသည်ကိုလည်း တွေ့ရသည်။
၂၀၂၅ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို လာရောက်အပန်းဖြေ လည်ပတ်ဆင်နွှဲကြ မည့်သူများအတွက် ဒီဇင်ဘာ ၃၀ ရက်တွင် မွန်းလွဲ ၃ နာရီမှစတင်၍ ည ၁၀ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာဇာတ်သဘင်အဖွဲ့၏ “သဘင်အကနှင့် လှမည့် ည” ဖျော်ဖြေမှုအပါအဝင် ဖျော်ဖြေရေးအစီအစဉ်များကို ညနေ ၅ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် Countdown ရေတွက်မည့် အစီအစဉ်အပါအဝင် ဖျော်ဖြေရေးအစီအစဉ်များကို ညနေ ၅ နာရီမှ စတင်၍ ည ၁ နာရီအထိ သီဆိုကပြဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်သည်။ ဝင်ကြေးကို အခမဲ့ သတ်မှတ်ထားပြီး ပွဲတော်သို့လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစဉ် သုံးခုသတ်မှတ်၍ မော်တော်ယာဉ်ကိုးစီးဖြင့် အခမဲ့အသွားအပြန် ပို့ဆောင်ပေးသွားမည် ဖြစ်သဖြင့် မည်သူမဆို လာရောက်လည်ပတ် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း - လုလင်ပျို
ဓာတ်ပုံ - အေးပြည့်စုံ