နေပြည်တော် ဒီဇင်ဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ အဋ္ဌမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးဦးမြင့်စိုးက ပညာရေးနှင့်ပတ်သက်၍ ယုံကြည်ချက်၊ ခံယူချက်များမှန်ကန်ရန်လိုကြောင်း၊ ဘွဲ့ရကျောင်းသားကျောင်းသူများ၏ အရည်အချင်းနှင့် အရည်အသွေးမြင့်မားရေးအတွက် အရည်အသွေးအာမခံမှုရှိသည့် ရလဒ်အခြေပြုပညာရေးစနစ် (Outcome based Education) ကို ပီပြင်စွာ အကောင်အထည်ဖော်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပညာသင်နှစ်အလိုက် ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးအစ ရှိသည့်အားကစားပစ္စည်းများကိုပေးအပ်ရာ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက လက်ခံရယူသည်။
ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့ပြီး တတိယကြေးတံဆိပ်ရရှိခဲ့ကြသည့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ ကျောင်းသား ငါးဦး၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်) မှ ကျောင်းသားတစ်ဦးတို့အား ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းစီပေးအပ်သည်။
ယနေ့ကျင်းပသော အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်တွင် မဟာဘွဲ့ရရှိသူခုနစ်ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ရရှိသူ ၂၂၁ ဦး၊ ဘွဲ့လွန်ဒီပလို မာဘွဲ့ရရှိသူ နှစ်ဦး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပညာ ဒီပလိုမာရရှိသူ ၂၅ ဦးတို့အား သက်ဆိုင်ရာဘွဲ့အလိုက်ချီးမြှင့် အပ်နှင်းမည်ဖြစ်သည်။
ယမန်နေ့ညနေပိုင်းက ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့သွားရောက်၍ ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ (၁) နှစ်သင်တန်းနှင့် ပေါင်းကူးသင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ်သင်တန်း၊ လက်ရက်ကန်းခြောက်လသင်တန်း၊ ရိုးရာလွန်း ရာကျအချိတ် ခြောက်လသင်တန်းတို့မှ သင်တန်းဆင်းမည့် ကျောင်းသားကျောင်းသူ ၄၃ ဦးတို့၏ သဘာဝဆိုးဆေး အသုံးပြုထားသောချည်ထည်များကို စက်ရက်ကန်း၊ လက်ရက်ကန်းတို့ဖြင့် ရက်လုပ်၍ အဝတ်အထည်နှင့် ဒီဇိုင်းယှဉ်ပြိုင်သည့် ကျောင်းဆင်းလက်ရာပြပွဲကို ကြည့်ရှုအားပေးပြီး ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်