Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တာဝန်ရှိသူများနှင့် ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး၊ ကြီးကြပ်မှုဗဟိုကော်မတီက ပေးပို့သော e-ID လူဦးရေစာရင်းများကို Server သို့ ထည့်သွင်းထားရှိပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များအတွက် အများယုံကြည်လေးစားခြင်းခံရသူများ ခန့်အပ်တာဝန်ပေးဆောင်ရွက်နိုင်မှုများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အများယုံကြည် လေးစားခြင်းခံရသောသူများကို ရွေးချယ်ပြီး ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နယ်မြေဒေသအပေါ်မူတည်၍ လိုအပ်သောအုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် ထားဝယ်မြို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည်ဖြစ်သည့်အတွက် မဲရုံများဖွင့်လှစ်နိုင်မှုကို မဲဆန္ဒရှင်စာရင်းနှင့် နောက်ဆုံးအခြေအနေသင့်တင့်မှုရှိစေရန် လိုအပ်ကြောင်း၊ နိုင်ငံရေးပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပါတီဝင်အင်အားစာရင်းများကို နောက်ဆုံးအခြေအနေ အမြဲစုစည်းပြုစုထားရန် လိုအပ်ကြောင်းနှင့် ဖြန့်ခွဲအသုံးပြုမည့် မဲရုံးသုံးပစ္စည်းဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိနှင့် တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းတို့က ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်