နေပြည်တော် ဒီဇင်ဘာ ၂၇
ပဲခူးမြို့၌ ငွေကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ် (မတ်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ တွင် ပဲခူးမြို့ ရပ်ကွက်ကြီး (၆) ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်းလိုက်ပါလာသည့် TOYOTA DYNA မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလို တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၆ နာရီတွင် စိတ်ပြောင်း ဆေးဝါးများ သယ်ဆောင်ခိုင်းသူများဖြစ်သည့် နိုင်နိုင်ဝင်း (ခ) ရှက်ဖီးနှင့် တင်ထွန်းနိုင်တို့အား ပဲခူးမြို့ ရပ်ကွက်ကြီး (၆)၊ ဗိုလ်အောင်ကျော်လမ်းရှိ ဟိုတယ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ ပဲခူးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်