ပဲခူး ဒီဇင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာယာဝတီခရိုင်အတွင်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် လက်ပံတန်း - မိုးညိုကားလမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ အောင်မြင်ဖြစ်ထွန်းနေသော မတ်ပဲခင်းရိတ်သိမ်းနေမှုများကို ကွင်းဆင်းကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ လက်ပံတန်းမြို့နယ် ဗောဓိပင်ကျေးရွာအုပ်စု ချောင်းဆုံကျေးရွာ၌ ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒေသခံတောင်သူများက တိုင်းအစိုးရအဖွဲ့၏ မျိုးကောင်းမျိုးသန့် ပြောင်းလဲပေးမှုကြောင့် မတ်ပဲပန်းတိုင်အထွက် နှုန်း ကျော်လွန်ထွက်ရှိမှုနှင့် သီးခြားလိုအပ်ချက်များကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် စိုက်ပျိုးရေရရှိရေးနှင့် သီးခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သွင်းအားစုများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် လက်ပံတန်းမြို့နယ် အုန်းကုန်းကျေးရွာထိပ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မူလရေကာတာဟောင်း ပေ ၁၅၀ ခန့် ပြိုကျပျက်စီးခဲ့မှုနှင့် ယာယီထိန်းသိမ်းဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အုန်းကုန်းကျေးရွာ သရက်တောဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယက ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အုတ်ဖိုမြို့နယ် အညာတန်းကျေးရွာ၌ ဂမုန်းချောင်းပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေဒလက် (Water Wheel) တပ်ဆင်၍ ရေပေးဝေထားရှိမှုကြောင့် အောင်မြင်ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက် ၅၆ ဧက စိုက်ခင်းကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများ ချီးမြှင့်ပေးအပ်ကာ ဟင်းသီးဟင်းရွက်စိုက်ခင်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်