နေပြည်တော် ဒီဇင်ဘာ ၂၇
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် ကျင်းပသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သင်တန်းဆင်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းဆင်းနိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်များကို စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင် အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေးဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှု ထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့ သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိခဲ့ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့မည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကို လည်း ယခုလိုပဲ ကြားသိရပါတယ်။
၁။ ကျွန်တော်ရရှိတဲ့ဆုကတော့ မိုင်းအကျွမ်းကျင်ဆုံးဆု ရရှိခဲ့ပါတယ်။ သင်တန်းကာလတစ်လျှောက်လုံးမှာ သင်တန်းနည်းပြတွေရဲ့ သင်ကြားတဲ့အတိုင်း လိုက်နာလေ့ကျင့်ခဲ့တဲ့အတွက် ရခဲ့တာဖြစ်ပါတယ်။ မိုင်းအကျွမ်းကျင်ဆုံးဆုအတွက် စာတွေ့လည်း လေ့ကျင့်ရသလို လက်တွေ့လည်း လေ့ကျင့်ရပါတယ်။ ဒီလို သေသေချာချာ လေ့ကျင့်လိုက်နာခဲ့တဲ့အတွက် ဒီမိုင်းအကျွမ်းကျင်ဆုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
၂။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၆/၂၀၂၄ မှာ ကျွန်တော်ရရှိခဲ့တဲ့ ဆုအမျိုးအစားကတော့ စံပြတပ်သားဆုဖြစ်ပါတယ်။ အခုလိုဆုရရှိခဲ့အောင်လို့ ကျွန်တော်ကြိုးစားခဲ့ရတာတွေကတော့ အများကြီးပါ။ ဆရာသမားတွေရဲ့ သင်ကြားပေးတဲ့ အတတ်ပညာတွေအကုန်လုံးကို ကျွန်တော် ဆည်းပူးသင်ယူတယ်။ ကျွန်တော် အားနေတဲ့အချိန်မှာလည်း လေ့လာပါတယ်။ မှတ်သားပါတယ်။ ဆရာတွေရဲ့စကားကိုလည်း ကျွန်တော် တစ်သဝေမတိမ်း နားထောင်ပါတယ်။ ကျွန်တော်မနက်ဆိုလည်း အစောဆုံးထပြီးတော့ ကစ်တွေဘာတွေလည်း အကောင်းဆုံးခေါက်တယ်။ အဲဒီ အတွက်လည်း ကျွန်တော် စံပြတပ်သားဆုကို ရခဲ့တယ်လို့ထင်ပါတယ်။ အရပ်သားဘဝနဲ့ စစ်မှုထမ်းဘဝရဲ့ ကွာခြားချက်ကတော့ အများကြီးပါပဲ။ အရင်ကဆို ကျွန်တော် အချိန်လည်း မလေးစားတတ်ပါဘူး။ စည်းကမ်းလည်း မကောင်းခဲ့ပါဘူး။ အခု ဒီရောက်လာတဲ့အချိန်မှာ ဆရာတွေရဲ့ သွန်သင်ဆုံးမမှုနဲ့ ဗိုလ်ကြီးများရဲ့ သွန်သင်ဆုံးမှုအောက်မှာ ကျွန်တော်အချိန်ကိုလည်း လေးစားတတ်လာသလို စည်းကမ်းလည်း အရမ်းကောင်းမွန်လာတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ထင်မြင်မိပါတယ်။ ပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံအပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်တွေကို ကာကွယ်ချင်တဲ့စိတ်ရှိလို့ပါ။ နိုင်ငံတော်တာဝန်တွေကို ပြည်သူတစ်ယောက်အနေနဲ့ ထမ်းဆောင်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော့်နိုင်ငံအပေါ်ကို ကျွန်တော့်အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်လို့ ကျွန်တော် ခံယူချက်ထားပါတယ်။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်