နေပြည်တော် ဒီဇင်ဘာ ၂၇
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၂၂) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
တပ်ခွဲများအား စစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၉) မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူ ဆုမြတ်ရတနာ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူ စုပုံချစ်နှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ရွှေစင်မင်းထွန်းတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက မိန့်ခွန်း ပြောကြားရာတွင် ယနေ့သည် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၂၂) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၉) တို့၏ သင်တန်းဆင်းသည့် နေ့ဖြစ်ပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် မျိုးဆက်သစ်များ ထပ်မံမွေးထုတ်ပေးလိုက်သည့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ နေ့တစ်နေ့လည်းဖြစ်ကြောင်း။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်’’ ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ သူနာပြုများနှင့် ဆေးဘက်ပညာသည်များကို စဉ်ဆက်မပြတ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း။
ထိုသို့ သင်ကြားလေ့ကျင့် မွေးထုတ်ပေးရာတွင် ယနေ့အချိန်ထိ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့၊ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ပါရဂူဘွဲ့ရရှိသူ စုစုပေါင်း ၅၅၇၃ ဦးကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ကျေပွန်စွာ ထမ်းဆောင်
အမိတက္ကသိုလ်က လေ့ကျင့်သင်ကြားမွေးထုတ်ပေးလိုက်သည့် သူနာပြုများနှင့် ဆေးဘက်ပညာသည်များသည် လက်တွေ့နယ်ပယ်ဖြစ်သည့် တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းတပ်ဖွဲ့များတွင် သက်ဆိုင်ရာ ဆေးဘက်ပညာရပ်များကို ထိရောက်စွာ အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်က ယုံကြည်အားကိုးရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအဖြစ် ပေးအပ်လာသည့် မည်သည့်တာဝန်မျိုးကိုမဆို သူနာပြုကျင့်ဝတ်များနှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်းကိုလည်း အသိအမှတ်ပြုပြောကြားလိုကြောင်း။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တည်ထောင်ခဲ့သည်မှာ လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ၂၅ နှစ်ပြည့်မြောက်ပြီး ငွေရတု နှစ်ပတ်လည်တိုင်တော့မည်ဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ အဓိကအင်အားစုကြီးဖြစ်သည့် သူနာပြုတပ်ဖွဲ့ဝင်များသည် စစ်ပညာတတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ရာထူးတာဝန်များကို ထမ်းဆောင်နိုင်ရန် လိုအပ်ခြင်း ကြောင့် သူနာပြုတက္ကသိုလ် (Defence Services Institute of Nursing) ကို ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားသူနာပြုသိပ္ပံဘွဲ့ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း။
တပ်မတော်သားများ၊ မှီခိုသူ မိသားစုဝင်များနှင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဆရာဝန်များ၊ သူနာပြုများသာမက ဆေးဝါးဖော်စပ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့အတွက် ဆေးဘက်ပညာသည်များ၏ အခန်းကဏ္ဍကလည်း အရေးပါလာခြင်း ကြောင့် ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် (Military Institute of Nursing and Paramedical Sciences) အဖြစ် ပြောင်းလဲတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အပြင် အမျိုးသမီးသူနာပြုများ မွေးထုတ်ပေးနိုင်ရေးအတွက် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့သင်တန်းများကို ၂၀၁၄ ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် စတင်ဖွင့်လှစ်စဉ်ကပင် ယနေ့ထိတိုင်အောင် ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမည်ပင်ဖြစ်ကြောင်း။
“စေတနာအကြင်နာ ဘေးကင်းကွာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သူနာပြုများအနေဖြင့် လူနာများကို ပြုစုစောင့်ရှောက်မှုပေးရာတွင် အကြင်နာတရား အပြည့်အဝထားရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သာမန်တာဝန်ထမ်းဆောင်နေမှုဆိုသည်ထက် သူနာပြုစုမှုအတတ်ပညာနှင့်ပေါင်းစပ်ပြီး မိမိတို့ထံတွင် အခြေခံရှိပြီးသားဖြစ်သည့် ကြင်နာမှုစိတ်ဓာတ်ကို ပိုမိုရင့်ကျက်ခိုင်မာစေရန် လေ့ကျင့် မွေးမြူသွားကြရမည်ဖြစ်ကြောင်း။
လူနာများအတွက် ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော ထူးချွန်ထက်မြက်သည့် သူနာပြုကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် ကိုယ်ပိုင်အရည်အချင်းများနှင့် သက်မွေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းများဆိုသည့် အင်္ဂါရပ်နှစ်ခုနှင့် ပြည့်စုံ နေရန်လည်း လိုအပ်ကြောင်း၊ စာနာမှုနှင့် ကရုဏာတရားရှိမှု၊ စိတ်ရှည်သည်းခံနိုင်မှု၊ လိုက်လျော ညီထွေရှိပြီး ပြောင်းလွယ်ပြင်လွယ်နိုင်မှု၊ ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်မှုနှင့် လူနာများ၏ စိတ်ဖိစီးမှုကို ကောင်းမွန်ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုစသည့် သူနာပြုကောင်းတစ်ဦး၏ ရှိသင့်ရှိအပ်သည့် ကိုယ်ရည်ကိုယ်သွေးများ ပြည့်စုံနေရန် ကြိုးစားလုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ လူနှင့် တိရစ္ဆာန်တို့အတွက် ရောဂါရှာဖွေရန်၊ ကာကွယ်ရန်၊ ကုသရန်နှင့် အကျိုးသက်ရောက်မှုတစ်ခုခု ဖြစ်စေရန်အတွက် အသုံးပြုသည့်ပစ္စည်းကို ဆေးဝါးအဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ ဘေးကင်းသော၊ အာနိသင်ရှိသော၊ အရည်အသွေး ပြည့်မီသော ဆေးဝါးများ ဖော်စပ်ရေး၊ ထုတ်လုပ်ရေး၊ သိုလှောင်သိမ်းဆည်းရေးနှင့် ပြည်သူလူထုထံသို့ ဖြန့်ဝေရေးစသည့်လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ရန်အတွက် ဆေးဝါးကျွမ်းကျင်သူများကိုလည်း သင်ကြားလေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် ပရဆေးဗေဒ၊ ဆေးဝါးဘက်ဆိုင်ရာ ဓာတုဗေဒ၊ ဆေးဝါးဖော်စပ်ရေး၊ ဆေးဝါးဗေဒ၊ ဆေးဝါးဘက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းဘာသာရပ်များကို အဓိကသင်ကြားပေးလျက်ရှိကြောင်း။
ခေတ်မီ ဆန်းသစ်သည့် အနောက်တိုင်း ဆေးဝါးများနှင့်ပတ်သက်သည့် ပညာရပ်များကိုလည်း ဆည်းပူးသင်ကြားရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးကဏ္ဍကိုလည်း ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများတွင် တိုင်းရင်းဆေးပညာနှင့် ပါဝင်အားဖြည့်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိခြင်းကြောင့် လေ့လာသင်ယူရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာနှင့် ပြည်တွင်းတွင်ပါ အသုံးတွင်ကျယ်လာသည့် ဆေးဖက်ဝင် နွယ်မြက်သစ်ပင်တို့အကြောင်း (Herbal Medicine) ကိုလည်း မျက်ခြည်မပြတ် ဆည်းပူးလေ့လာပြီး တိုင်းရင်းဆေးပညာရှင်များနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။
ကာကွယ်စောင့်ရှောက်
ဆေးဝါးကျွမ်းကျင်သူများအနေဖြင့် ဆေးဝါးဖော်စပ်သည့် ပညာ၊ ဆေးဝါးများ မှန်ကန်စွာ အသုံးပြုရေး၊ ဆေးဝါးများ အရည်အသွေးပြည့်မီမှုရှိ/ မရှိ စစ်ဆေးစမ်းသပ်ရေး၊ ဆေးဝါးအသစ်များ တီထွင်ထုတ်လုပ်ရေး၊ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူလူထုတို့ ဆေးဝါး လုံလောက်စွာရရှိရေး၊ သုံးစွဲသူလက်ဝယ်သို့ ဆေးဝါးများ မှန်ကန်စွာရောက်ရှိရေး၊ ဆေးဝါးများ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ပေးရေးစသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရသူများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ရသူများအနေဖြင့် မိမိတို့တတ်ကျွမ်းနားလည်ထားသည့် ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး ပြည်သူလူထုအတွက် တတ်စွမ်းနိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။
ထို့အပြင် အခြားဆေးဘက်ပညာသည်များဖြစ်သည့် ဓာတ်ခွဲကျွမ်းကျင်သူများ၊ ဓာတ်မှန်ပုံရိပ်ဖော်ကျွမ်းကျင်သူများ၊ ခန္ဓာသန်စွမ်းမှု လေ့ကျင့်ပေးရေး ကျွမ်းကျင်သူများအနေဖြင့်လည်း မိမိတို့ အထူးပြုကျွမ်းကျင်ပညာရပ်များအလိုက် လူနာများအပေါ် ကုသမှုပေးရာတွင် မှန်ကန်ထိရောက်မှုရှိသည့် စစ်ဆေး ဖော်ထုတ်မှုများနှင့် ကောင်းမွန်ပြည့်စုံသည့် ကျန်းမာရေးပြုစုစောင့်ရှောက်ကုသမှုများ ပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရမည် ဖြစ် ကြောင်း၊ မိမိတို့တတ်ကျွမ်းထားသည့် အထူးပြုပညာရပ်အလိုက် သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရမည့်အပြင် လူနာများ၏ ကောင်းကျိုးအတွက် အခြားသော ဆေးပညာ ရပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာပြီးပြည့်စုံသည့် ပြုစုကုသမှုများ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးမြှင့်တင်ပေးရေးနှင့် ပြန်လည်သန်စွမ်းရေးဆိုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များကို နိုင်ငံ့သားကောင်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များပီပီ ကျောသား၊ ရင်သားမခွဲခြားဘဲ စိတ်ရင်းစေတနာမှန်နှင့် ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းကြောင်းတစ်လျှောက်တွင် သူနာပြုနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ပြုစုကုသစောင့်ရှောက် ရေးနှင့် စစ်မြေပြင်ဆေးအကာ အကွယ်ပေးရေး တာဝန်များကို ကိုယ်ရောစိတ်ပါ စွမ်းစွမ်းတမံထမ်းရွက်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များကို ရဲစွမ်းသတ္တိအပြည့်နှင့် သစ္စာရှိရှိ၊ တာဝန်သိသိ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသဖြင့် စစ်ဘက်စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်ခံရခြင်း၊ စစ်မြေပြင် ရာထူးတိုးခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းများကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည့်အတွက် အမိတက္ကသိုလ်နှင့် လေ့ကျင့်သင်ကြားပေးလိုက်သည့် နည်းပြများအတွက်လည်း ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ ထိုသို့စွမ်းဆောင်နိုင်မှုများကို လေးစားအားကျဂုဏ်ယူစိတ်နှင့် မိမိတို့ကိုယ်တိုင်လည်း ကြိုးစားကြရမည်ဖြစ်သကဲ့သို့ အစဉ်အလာကောင်းများကို ထိန်းသိမ်းပြီး အမိကျောင်းတော်ကြီး၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် စစ်သည်တော်ကောင်းများဖြစ်အောင် ပြုမူကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်ကြောင်း။
တပ်မတော်သားများဖြစ်သည်နှင့်အညီ စစ်မြေပြင်တွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အသက်ပေးကာကွယ်စောင့်ရှောက်ကြရသည့်သူများဖြစ်ခြင်းကြောင့် အချင်းချင်းနှင့် အထက်အောက် သစ္စာစောင့်သိမှသာလျှင် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ရယူနိုင်မည်ဖြစ်ပြီး လုပ်ငန်းကိစ္စအဝဝကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တော်ကျင့်ဝတ် အပါးခြောက်ဆယ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းလိုက်နာပြီး ကျင့်ဝတ်စည်းကမ်း အရာတွင် စံနမူနာပြဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်း။
အရည်အချင်းပြည့်ဝအောင် ကြိုးစားလုပ်ဆောင်
သူနာပြု တပ်ဖွဲ့ဝင်များနှင့် ဆေးဘက်ပညာသည်များသည် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသည်ဖြစ်၍ မိမိတို့ သက်ဆိုင်ရာ ဆေးဘက်ပညာရပ်နယ်ပယ်အလိုက် အစဉ်တိုးတက်အရည်အချင်းပြည့်ဝအောင် ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်သလို သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကိုလည်း အလေးထားလိုက်နာစောင့်ထိန်းသွားကြရန်လို ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသည့် တပ်မတော်သားများသည် ကျရာအခန်းကဏ္ဍများတွင် တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာနေရန် အထူးလိုအပ်ကြောင်း၊ ယနေ့အချိန်အခါတွင် တပ်တွင်းစည်းလုံးညီညွတ်မှုပျက်ပြားစေရန် ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပအဖျက်သမားအင်အားစုများသည် နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေချိန်ဖြစ်၍ တပ်မတော်သားများအနေဖြင့် ကျောချင်းကပ် ရင်ချင်းအပ်သည့် စည်းလုံးညီညွတ်မှုရှိရေးသည် အသက်တမျှ အရေးကြီးကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံးအကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များ တူမည်ဆိုပါက တပ်တွင်းစည်းလုံးညီညွတ်မှုသည် ထာဝရခိုင်မြဲနေမည်ဖြစ်ကြောင်း။
ထို့အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ကူညီထောက်ပံ့ပေးခြင်းများသည် တပ်ပြင်စည်းရုံးရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်ကို နားလည် သဘောပေါက်ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ နယ်မြေအသီးသီးကို ရောက်ရှိချိန်တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သည့် အခါ မိမိတို့ တာဝန်ထမ်းဆောင်ရမည့် နယ်မြေအလိုက် ဒေသ၏အခြေအနေ၊ ဒေသဆိုင်ရာအချက်အလက်များကို အသေးစိတ်သိရှိထားရန်လိုအပ်ကြောင်း၊ နယ်မြေခံတပ်ဖွဲ့များနှင့် ဒေသခံများ တစ်သားတည်းဖြစ်အောင် စည်းရုံးဆောင်ရွက်ပြီး အပြန်အလှန် ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးထားမှာကြား လိုကြောင်း။
မိမိတို့ တပ်မတော်သည် စစ်စည်းကမ်းကိုအခြေခံပြီး အမိန့်နာခံတတ်မှုရှိအောင် လေ့ကျင့်ပေးထားသည့် ကျစ်လျစ်သိပ်သည်းစွာ ဖွဲ့စည်းထားသော တပ်မတော်တစ်ရပ်ဖြစ်ကြောင်း၊ စစ်စည်းကမ်း သည် တပ်မတော်အတွက် အဓိကကျောရိုးမဏ္ဍိုင်ဖြစ်သကဲ့သို့ စစ်သည်တော်ဘဝကို ခံယူထားကြသူများဖြစ်၍ စစ်ဘက်ဥပဒေနှင့် စစ်စည်းကမ်းများကိုသာမက နယ်ဘက်ဥပဒေများကိုလည်း လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း၊ စည်းစနစ်ရှိသည့် တပ်မတော်သားကောင်းများ အဖြစ်သာမက သူနာပြုနှင့် ဆေးဘက်ပညာသည်များဖြစ်သည့်အတွက် ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်လာပါက သာမန်ထက်ပိုပြီး စောင့်ထိန်းကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ဆေးရုံ၊ ဆေးတပ်ဖွဲ့များအပြင် စစ်မြေပြင်တွင် ခြေလျင်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားရမည်ဖြစ်ခြင်းကြောင့် ရဲဘော်စိတ်ဆိုသည့် မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှုတရားတို့ကို ကောင်းစွာထားရှိ မွေးမြူသွားကြရမည်ဖြစ်ကြောင်း။
စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသည့် စစ်သည်တော်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် အရေးအကြီးဆုံးအချက်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေအောင် စစ်သည်တစ်ဦးချင်းစီက ဖြည့်ဆည်းလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်သုံးရပ်ထက်မြက်ပြီး အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံအောင် နေထိုင်ပြုမူကျင့်ကြံကာ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် သူနာပြုနှင့် ဆေးဘက်ပညာသည် စစ်သည်တော်ကောင်းများ ဖြစ် အောင် ကြိုးပမ်းသွားကြရန် အလေးထားမှာကြားလိုကြောင်း။
“စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆောင်ပုဒ်ကို နှလုံးသွင်းပြီး သူနာပြုကောင်းတစ်ဦးတွင် ရှိရမည့် ကျင့်ဝတ်၊ စိတ်ဓာတ်နှင့် အရည်အချင်းပြည့်ဝသူများဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန်၊ မိမိတို့တတ်ကျွမ်းနားလည်ထားသည့် ဆေးဘက်ပညာရပ်ဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနပြု ရှာဖွေထုတ်လုပ်ခြင်းဖြင့် ပြည်သူလူထုအတွက် တတ်စွမ်းနိုင်သည့်ဘက်ကနေ ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက် ပေးသွားကြရန်၊ သူနာပြုတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်နိုင်မှုများကို လေးစားအားကျဂုဏ်ယူစိတ်နှင့် ကြိုးစားကြရမည်ဖြစ်သကဲ့သို့ သမိုင်းအစဉ် အလာကောင်းများကို ထိန်းသိမ်းပြီး အမိကျောင်းတော်ကြီး၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် စစ်သည်တော်ကောင်းများအဖြစ် ပြုမူကျင့်ကြံနေထိုင်သွားကြရန်၊ သက်ဆိုင်ရာသူနာပြုနှင့် ဆေးဘက်ပညာရပ်နယ်ပယ်အလိုက် အစဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်သွားကြပြီး သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကို လည်း အလေးထားလိုက်နာ စောင့်ထိန်းသွားကြရန်၊ စည်းစနစ်ရှိသည့် တပ်မတော်သားကောင်းများအဖြစ်သာမက ရဲဘော်စိတ်ဆိုသည့် မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှုတရားတို့ကို ကောင်းစွာမွေးမြူထားရှိပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် သူနာပြုနှင့် ဆေးဘက်ပညာသည်ကောင်းများ ဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာ သရေစည်သူ စိုးဝင်းသည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်း ဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသူများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၂၂) နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၉) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်းသူနာပြုများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ကြည့်ရှုအားပေး
ညစာ သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းသူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်