Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၂၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။

အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းဆင်းနိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်များကို စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေးဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရှိရသည်။