နေပြည်တော် ဒီဇင်ဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် National Annual TB Evaluation Meeting (2023) သို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ ၁၀ ဒသမ ၈ သန်းခန့်သည် တီဘီရောဂါဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၂၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းသိရှိရကြောင်း၊ WHO End TB Strategy အရ ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၁၅ ခုနှစ် ဖြစ်ပွားမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချကြရမည်ဖြစ်ကြောင်း။
တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ပြည်တွင်း / ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီဘီရောဂါမဖြစ်အောင်ကာကွယ်ကုသခြင်း (TB preventive Therapy, TPT) ကို လက်ရှိအခြေအနေထက် ပိုမိုထိရောက်အောင်ဆောင်ရွက်သွားကြရန်အရေးကြီးကြောင်း၊ ပုဂ္ဂလိကဆေးရုံ / ဆေးခန်းများကိုလည်း တီဘီရောဂါကာကွယ်ကုသမှုများတွင် ယခုထက်ပိုမို ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။
လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရန်နှင့် တီဘီရောဂါတိုက်ဖျက်ရေးရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားနှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် မိတ်ဖက်အဖွဲ့ အစည်းများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ မြန်မာနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်သင်တန်းကျောင်း (Myanmar CDC) ၌ ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အနာကြီးရောဂါတိုက်ဖျက် ရေး လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် ၂၀၀၃ ခုနှစ်တွင် အနာကြီးရောဂါ ကင်းဝေးရေးရည်မှန်းချက်ဖြစ်သော လူဦးရေတစ်သောင်းလျှင် အနာကြီးရောဂါ ဖြစ်ပွားသူတစ်ဦးအောက်လျော့နည်းအောင် လျှော့ချ နိုင်ခဲ့ပါကြောင်း။
၂၀၂၃ ခုနှစ်တွင် အနာကြီးရောဂါလူနာသစ် ၁၃၃၈ ဦး၊ ကိုယ်အင်္ဂါချို့ယွင်းမှုအဆင့်(၂) ရှိသူ လူနာသစ် ၂၀၇ ဦးနှင့် ကလေးလူနာသစ် ၃၈ ဦး ရှာဖွေ ဖော်ထုတ်၍ ဆေးဝါးကုသပေးနိုင်ခဲ့ပါကြောင်း၊ လူနာများကိုကိုယ်အင်္ဂါချို့ယွင်းမှုမဖြစ်မီ စောစီးစွာရှာဖွေဖော်ထုတ်နိုင်ရေးအတွက် လူနာသစ်ရှာဖွေရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။
ယခုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲတွင် အနာကြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်၍ လုပ်ငန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါကြောင်း၊ အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များရေးဆွဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အနာကြီးရောဂါဆိုင်ရာနည်းပညာ အကြံပေးပညာရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး / ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၂၀၂၄ ခုနှစ် နှစ်ပတ်လည် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို နေပြည်တော်၌ သုံးရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်