နေပြည်တော် ဒီဇင်ဘာ ၂၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တဲဟုန် ခရိုင်ပြည်သူ့အစိုးရ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yipeng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်များမှတစ်ဆင့် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ရေး၊ တရုတ်နိုင်ငံအလုပ်ရှင်များအပေါ် ကြပ်မတ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များနှင့် အခြားမလိုလားအပ်သည့် အခြေအနေများမဖြစ်ပေါ် စေရေး MoU စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်နိုင် ရေးတရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ တဲဟုန်ပြည်နယ်ခွဲ အစိုးရအဖွဲ့အနေဖြင့် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများနှင့် တရားမဝင်ရောက်ရှိ လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေး ပြည့်ဝစွာရရှိနိုင်ရေး ကူညီကာကွယ်စောင့်ရှောက်ပေးနိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အလုပ်သမားပူးပေါင်း ဆောင်ရွက်မှုများ ချစ်ကြည်ရင်းနှီးစွာဆောင်ရွက်နိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ မြန်မာအလုပ်သမားများ MoU စနစ်ဖြင့် တရားဝင်စေလွှတ်နိုင်ရေးအတွက် တဲဟုန်ပြည်နယ်ခွဲအစိုးရနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ(MoU)ကို ဇန်နဝါရီ ၁၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန်စီမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်