နေပြည်တော် ဒီဇင်ဘာ ၂၅
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ မကြာမီရောက်ရှိတော့မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့တို့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နာမည်ရ တိုင်းရင်းသားတေးသံရှင်များက ပွဲစဉ် ခုနစ်ပွဲဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်အထိ အပတ်စဉ်သောကြာနေ့ညတိုင်း ဖျော်ဖြေတင်ဆက်မည်ဖြစ်၍ ပထမပွဲစဉ်ဖြစ်သည့် “သံစဉ်ဝေဖြာမနောအလှကဗျာ” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့ ည ၉ နာရီ ခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတေးသံရှင်များ ဖြစ်ကြသည့် ဆာမူဧလ၊ လောဒ်အောင်၊ ဘောမ်ယိန်း၊ ဆိုင်းဆာ၊ ယုံးယုံးနှင့် ဘောမ်ဇုံးထန့်တို့က ကချင်ပြည်နယ်၏ သာယာလှပမှု၊ ကချင်လူမျိုးတို့၏ ရိုးရာဓလေ့နှင့် ဖြူစင်ရိုးသားမှု၊ ရင်းနှီးခင်မင်မှုနှင့် ချစ်ခြင်းမေတ္တာကြီးမားမှု တေးသီချင်းကောင်းများကို ကချင်၊ ဗမာ နှစ်ဘာသာဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း လွှင့်တင်ထားမည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဒီဇင်ဘာ ၂၉ ရက် ၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်