Skip to main content

ယခုလအတွင်း ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဘုရားဖူးသူ နှစ်သိန်းကျော်ရှိ

ကျိုက်ထို ဒီဇင်ဘာ ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခု(ဒီဇင်ဘာလ)တွင် လာရောက်ဖူးမြော်သူ ၂၂၈၉၂၉ ဦးရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

“သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၂၄ ရက်အထိ ဘုရားဖူး ၄၉၉၁၄၅ ဦးရှိပြီး ပြည်တွင်းဘုရားဖူး ၄၉၇၂၃၀ နဲ့ ပြည်ပဘုရားဖူးက ၁၉၁၅ ဦး ရှိပါတယ်။ နိုင်ငံခြားသား ပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်က အများဆုံးပါပဲ။ အခုလို စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အများဆုံးလာကြပါတယ်” ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တောင်တက်မော်တော်ယာဉ်အစီး ၁၅၀ ကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။

ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော်ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း တွေ့ရသည်။

ကျိုက်ထို (ပြန်/ဆက်)