နေပြည်တော် ဒီဇင်ဘာ ၂၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ Naypyitaw State Polytechnic University တို့ပူးပေါင်း၍ ကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက်တွင် Naypyitaw State Polytechnic University အစည်းအဝေးခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်၊ Naypyitaw State Polytechnic University မှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
စောင့်ထိန်းလိုက်နာ
စကားဝိုင်းတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာရေး ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍမြှင့်တင်ရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကိုကျင်းပခဲ့ပြီး ကျောင်းသား ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကိုမေးမြန်းရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားသည်။ ဆက်လက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက ကျေးဇူးတင်စကားပြောကြား၍ ကော်မရှင်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်