နေပြည်တော် စက်တင်ဘာ ၂၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် video conferencing ဖြင့် ဆက်လက်ကျင်းပသည်။
အစည်းအဝေး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅)၊ ရှေးဦးပြုစုခြင်းမူဝါဒ၊ ကလေးသူငယ် အကာ အကွယ် ပေးရေး ဆိုင်ရာမူဝါဒ၊ အရင်းအမြစ်စုစည်းအသုံးချရေး မူဝါဒနှင့် အလုပ်သင်ဝန်ထမ်းဆိုင်ရာ မူဝါဒများကို သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးတို့က ရှင်းလင်း ဆွေးနွေး ကြသည်။
ထို့နောက် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ကြက်ခြေနီဗဟိုကောင်စီဝင်များက အသင်းနှင့် ပူးပေါင်းဆောင်ရွက် မည့် အချက်များကို အကြံပြုဆွေးနွေးခဲ့ကြရာ ဆွေးနွေးတင်ပြချက်များအပေါ် အသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်က ခြုံငုံသုံးသပ် ဆွေးနွေးသည်။
ယင်းနောက် အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး အသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအောင်(MRCS)