Skip to main content

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ၊ အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်း (အမျိုးသား)အသင်းအနေဖြင့် နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့် လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲများအနေဖြင့် သံလုံး/ သံပြားပစ်၊ တန်းကျော်၊ အပြေး၊ လမ်းလျှောက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဂေါက်သီးရိုက်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်နည်းအနက်သုံးနည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် အားကစားကဏ္ဍသည် ပင်မတာဝန်မဟုတ်သော်လည်း ထိုက်သင့်သည့်အောင်မြင် မှုများရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် အားကစားနည်းအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနလုပ်ငန်းများအနေဖြင့် တာဝန်ယူရသည့် အားကစားနည်းအလိုက် အောင်မြင်မှုများရရှိရေးအတွက်ထူးချွန်ပြီး အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျရွေးချယ်၍ အချိန်ယူလေ့ကျင့်ပံ့ပိုးပေးခြင်းဖြင့် စက်မှုဝန်ကြီးဌာန၏ အားကစားကဏ္ဍ အောင်မြင်ထွန်းပေါက်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တာဝန်ယူဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် စက်မှုဝန်ကြီးဌာနအနေဖြင့် အဆင့်အတန်းမီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဦးစီးဌာနလုပ်ငန်းများအား အားကစားနည်းများ ခွဲဝေတာဝန် ပေးအပ်ထားရှိမှုအခြေအနေတို့ကို လည်းကောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တာဝန်ခံများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်