နေပြည်တော် ဒီဇင်ဘာ ၂၃
ဟင်္သာတအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေး ပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်သည်ဟု Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ထိုသို့ ရေးသားဖြန့်ဝေရာတွင် Khit Thit Media က ဖော်ပြထားသကဲ့သို့ အကျဉ်းထောင်တာဝန်ခံ အရာရှိနှင့် လက်အောက်ဝန်ထမ်းတို့ လူမှုရေးဖောက်ပြန်နေသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ထောင် တာဝန်ခံအရာရှိသည် ဇနီးဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိသည့်အပြင် ဝန်ထမ်းများနှင့် အလုပ်သဘောအရ ပြောဆိုဆက်ဆံမှုသာရှိကြောင်း သိရသည်။
ထို့ပြင် အကျဉ်းထောင် တာဝန်ခံအရာရှိသည် အကျဉ်းထောင် ဝန်ထမ်းများအား အကျဉ်းသား အကျဉ်းသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ငွေကြေးပတ်သက်ဆက်နွှယ်ခြင်း၊ တောင်းခံခြင်းများ မပြုလုပ်ရန် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မည်သည့်ဝန်ထမ်းမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ပြုထားကာ ဝန်ထမ်းများက အကျဉ်း သား အကျဉ်းသူများအပေါ် ရိုက်နှက်ခွင့်မရှိဘဲ ချုပ်သစ်၊ ကျသစ်များ အကျဉ်းထောင်သို့ စတင်ရောက်ရှိသည်နှင့် အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး-၁ အား ပိုက်ဆံပေးရသည် မပေးလျှင်ပါးရိုက်သည်၊ ခြေထောက်ဖြင့်ကန်သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ လက်ထောက်ကြီးကြပ်ရေးမှူး-၁ သည် ကျသစ်၊ ချုပ်သစ်များကို လာရောက်အပ်နှံပါက ရီမန်ဝရမ်းပါအချက်အလက်များနှင့် တရားခံအား တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျလက်ခံလျက်ရှိကြောင်း သိရသည်။
ထို့အတူ အကျဉ်းထောင် တံခါးတာဝန်ကျအရာရှိသည် မူးယစ်ဆေးဝါးနှင့် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများ ဝင်ရောက်မှုမရှိ စေရေးအတွက် အကျဉ်းထောင်အတွင်းသို့ ဝင်/ထွက်သည့် မည်သူမဆို ရှာဖွေစစ်ဆေးပြီးမှ ဝင်/ထွက်ခွင့်ပြုပေးလျက်ရှိသည့်အပြင် ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုရာတွင် လိုက်နာရန် အချက်များနှင့်အညီ အကျဉ်းသား တစ်ဦးလျှင် မိသားစုဝင်တစ်ဦးမှ တစ်လလျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် မိနစ် (၂၀) အပြည့်အဝတွေ့ခွင့်ပြုထားပြီး ဧည့်တွေ့ခွင့် အတွက် ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းမရှိကြောင်း သိရသည်။
အလားတူ ဟင်္သာတအကျဉ်းထောင်တွင် အကျဉ်းသား အကျဉ်းသူများအား အစားအသောက် ကျွေးမွေးရာတွင် သတ်မှတ်ထားသော ရိက္ခာနှုန်းထားများအတိုင်း တစ်ပတ်လျှင် အသားလေးကြိမ်ကို သတ်မှတ်ရက်အတိုင်း အပြည့်အဝချက်ပြုတ် ကျွေးမွေးခြင်း၊ အကျဉ်းသားများ၏ သုံးရေများ သန့်ရှင်းမှုရှိစေရန် ရေကန်အတွင်းအပြင်များကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်တိုက်ချွတ်ဆေးကြောခြင်း တို့ စနစ်တကျ ဆောင်ရွက်လျက်ရှိသည့်အတွက် ရေမသန့်ရှင်း မှုကြောင့် အကျဉ်းသားများ ယားနာကဲ့သို့ အရေပြားရောဂါများ ခံစားနေရသည်ဆိုသည်မှာ မှန်ကန်မှုမရှိဘဲ Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။
သစ္စာ