Skip to main content

ဂျော်ဒန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် စက်တင်ဘာ ၂၆

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် Sidney Apparel ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၁)ဦး၊ Rich Pine ကုမ္ပဏီမှ (၁၁) ဦး၊ Century Miracle ကုမ္ပဏီမှ (၁၄) ဦး၊ Camel and Vega ကုမ္ပဏီမှ (၁၄၈) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၄) ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ဂျော်ဒန်နိုင်ငံမှ ကယ်ဆယ်ရေး လေယာဉ် (၆) ကြိမ်တိုင် ပျံသန်း ပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်