Skip to main content

ယခု Stay at Home နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ကိုဗစ် - ၁၉ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုး စားလျက် ရှိကြောင်း ဒီနေရာကနေ အသိပေးအပ်ပါတယ်(ပါမောက္ခ ဒေါက်တာဇော်ဝေစိုး)

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအ တွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ်ပါမောက္ခဒေါက်တာ ဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်)]

ဒီနေ့ ၂၆-၉-၂၀၂၀ ရန်ကုန်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး အသစ်တိုးလာတာ က ၅၀၃ ဦးရှိပါတယ်။ မနေ့တုန်းက ကျန်တာနဲ့ပေါင်းရင် ကျွန်တော်တို့ ၁၀၀၀ လောက် ဖြစ်သွားတယ်။ ဒီလူနာတွေကို နေရာချထားဖို့ စီစဉ်ရပါတယ်။ အဲဒီလို နေရာချထားတဲ့နေရာမှာ တပ်မတော် ဆေးတပ်ဖွဲ့က ၁၅၀ တာဝန်ယူပါတယ်။ ဒီနေ့လည်း ၁၅၀ ကို တာဝန်ယူမှာ ဖြစ်ပါတယ်။ လူနာစုစုပေါင်း ၃၀၀ ဖြစ်သွားမှာ ဖြစ်ပါတယ်။ မနေ့က ကျွန်တော်တို့ မှော်ဘီကို ပို့ပါတယ်။ ဒီနေ့ ရဲမွန်ကို - ပို့မှာဖြစ်ပါတယ်။

အသစ်ဖွင့်တဲ့ အောင်မြင့်မိုရ်မှာ ဒီနေ့ လူနာအားလုံးပေါင်း ၅၂၈ ဦးကို နေရာချထားပြီး ကျန်တာ တွေက ဖောင်ကြီးမှာ ဒီနေ့ ၉၀ နေရာချထားဖို့ စီစဉ်ထားပါတယ်။ ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ရိုးမနဲ့ လှိုင်မှာ စုစုပေါင်း ၁၀၀/ ၁၅၀ လောက် နေရာချထားမှာ ဖြစ်ပါတယ်။ ဒီနေ့အတွက် အဆင်ပြေပါတယ်။

ဆက်လက်ပြင်ဆင်နေ

မနက်ဖြန်အတွက် အောင်မြင့်မိုရ်ကို ဆက်လက်ပြင်ဆင်နေပါတယ်။ အလားတူ ရိုးမမှာ ရိုးမ (၁) နဲ့ ရိုးမ(၂) ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရိုးမ (၂)ကို ပြင်ဆင်လျက်ရှိပါတယ်။ ရိုးမ (၁)က ၁၀၈၀ ဆံ့ပြီး ရိုးမ (၂) က ၁၅၀၀ လောက်ဆံ့မှာ ဖြစ်ပါတယ်။ ဒါတွေပြီးရင် လိုအပ်ရင် ဆက်လက်ပြီးတော့ ဖွင့်လှစ်နိုင်အောင် သင်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ နေရာတွေကို လည်း ကြိုတင်ကြည့်ရှုပြီး ပြင်ဆင်လျက်ရှိပါတယ်။

အလားတူတစ်ပြိုင်နက်တည်းမှာ မနေ့က နေ့လယ်ပိုင်းမှာ ကျွန်တော်တို့ အဖွဲ့နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစည်းအဝေးလုပ်ပါတယ်။ ဒီနေ့မနက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနဲ့ နေပြည်တော်မှာရှိနေတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ် တွေနဲ့ ကျွန်တော် တို့အဖွဲ့ Zoom Meeting ကို မနက် ၉ နာရီခွဲကနေ နေ့လယ် ၁၂ နာရီခွဲအထိ လုပ်ပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေ၊ ပြင်ဆင်ရမယ့်အချက်တွေ၊ ကြိုတင်ပြီး နောင်လာမယ့် တစ်ပတ်၊ နှစ်ပတ်နဲ့ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်ရမယ့် အချက်တွေကို ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်ကိုရယူပါတယ်။ လိုအပ်ချက် တွေကို ဖြည့်ဆည်းပါတယ်။ ဤနည်းအားဖြင့် Stay at Home နှစ်ပတ်အတွင်းမှာ ဆောင်ရွက်ရမှာတွေကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ရော၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ရော အသေးစိတ် ညှိနှိုင်းတိုင်ပင်ပြီး ဆုံးဖြတ်ဆောင်ရွက်လျက်ရှိပါတယ်။

အသေးစိတ်ဆွေးနွေး

အနံ့ပျောက်တဲ့ လူနာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ နောက် PUI လို့ ခေါ်တဲ့ သံသယရှိလူနာတွေ များပြားလာပြီး ဆေးရုံတွေမှာ နေရာတွေ များများလိုလာတဲ့ကိစ္စတွေ၊ ဒါတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာတွေ၊ နောက်ယခု လာတော့မယ့် Antigen Test Kit နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ၊ အသစ် ဖွင့်လှစ်မယ့် ကိုဗစ်စင်တာတွေမှာ လူအင်အား၊ ပစ္စည်းအင်အားနဲ့ ပတ်သက် တဲ့ ကိစ္စတွေကို အသေးစိတ်ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးချက်တွေနဲ့ ဆက်လက်ပြီး တော့ ကိုဗစ် - ၁၉ ကို containment လုပ်နိုင်ဖို့ ကျွန်တော်တို့ ဆက်လက်ပြီး ကြိုးစား ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ယခု Stay at Home နှစ်ပတ်အတွင်းမှာ ကိုဗစ် - ၁၉ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း ကျွန်တော် ဒီနေရာကနေ အသိပေးအပ်ပါတယ်။ အသေအပျောက် တက်နေတဲ့နှုန်းပေါ့နော်၊ အသေအပျောက် များလာတာနဲ့ ပတ်သက်ပြီးတော့လည်း အသေ အပျောက်နှုန်းလျှော့ချနိုင်ဖို့၊ သေပျောက်တဲ့အရေအတွက် လျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးတိုင်ပင်ကြပါတယ်။

ဒီလူနာတွေနဲ့ပတ်သက်ပြီး ယခင်ကလည်း အစွမ်းကုန်ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ ယခုလည်း သေပျောက်သွားတဲ့ အခြေခံအကြောင်းရင်းတွေကို အသေးစိတ် ဆွေးနွေးတိုင် ပင်ပြီးတော့ ဒါနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင်၊ အသေအပျောက် အနည်းဆုံးဖြစ်အောင် ဘယ်လိုဆက်လက်ပြီး ဆောင်ရွက်မယ်ဆိုတာကို တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေနဲ့အညီ အကောင်အထည်ဖော်လျက်ရှိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ထက်လျှံ