ရန်ကုန် ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ ၁၇ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်က မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းကို ၂၀၀၄ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုဆိုလျှင် နှစ် ၂၀ တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စာရင်းပညာရပ်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် ကိုယ်ကျင့်တရားနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာစံများကို လိုက်နာမှုပိုမိုအားကောင်းစေရန် စဉ်ဆက်မပြတ်လေ့လာသင်ယူမှု အစီအစဉ် (Continuous Professional Development–CPD Prog-ramme) ကို ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အသင်းသားများအနေဖြင့်လည်း မိမိတို့၏ ပညာရပ်ဆိုင်ရာအရည်အချင်းများ ပိုမိုပြည့်ဝလာစေရေး CPD Programme များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန်နှင့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အသင်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ သတ်မှတ်ထုတ်ပြန်သည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ ကျင့်ဝတ်သိက္ခာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြပြီး အသင်းကြီးခိုင်မာအားကောင်းစွာ ရေရှည်တည်တံ့နိုင်ရေးအတွက် စာရင်းပညာရှင်များပီပီ ကျရာအခန်းကဏ္ဍများမှ တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသဘာပတိဦးကျော်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌဦးဝမ်းတင်က အမှာစကားပြောကြားသည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြအတည်ပြုခြင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်ခြင်းများကို အတည်ပြုချက်ရယူခြင်းများကို အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး အစည်းအဝေးသဘာပတိဦးသိန်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များတက်ရောက်ကြသည်။
သတင်းစဉ်