နေပြည်တော် စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ကုသရေးပါမောက္ခများ၊ တာဝန် ရှိသူများနှင့် ကိုဗစ်-၁၉ လူနာများကုသရေး နှင့် အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများ ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့အစည်းအဝေး တွင် ကိုဗစ်-၁၉ ကုသရေးဌာနများ၊ ဆေးရုံများ၊ အသွားအလာကန့်သတ်သော နေရာများတွင် အရင်းအမြစ်လိုအပ်ချက်များ၊ ဗဟိုအဆင့်နှင့် ရန်ကုန်တိုင်းဒေသကြီး များမှ ပံ့ပိုးပေးရန် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် အတွေ့အကြုံများ ဖြန့်ဝေဆွေးနွေးနို င်ရန် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ထပ်မံပံ့ပိုးပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား တင်ပြကြစေလိုပါကြောင်း၊ ဌာန/ ဆေးရုံတစ်ခုမှ ကောင်းမွန်သည့် လုပ်ဆောင်မှုများကို အခြားဌာန/ ဆေးရုံများမှ အတုယူ လုပ်ဆောင်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရန် အစီအစဉ်အမျိုးမျိုးကို ချမှတ်ဆောင်ရွက်နေ ပါကြောင်း ကိုလည်း အသိပေးလိုပါကြောင်း။
ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု လျှော့ချနိုင်ရေးအတွက် တစ်ဖက်မှ အထူးကုဆရာဝန် ကြီးများ က ကြိုးစား ကုသလျက်ရှိသည့် အပြင် ဆေးရုံအုပ်ကြီးများ၏ အခန်းကဏ္ဍသည် လူနာ သေဆုံးမှု လျှော့ချနိုင်ရေးအတွက် အထူးအရေးကြီး ပါကြောင်း၊ ဆေးရုံတွင်း၌ လိုအပ်သည့် ကိုဗစ်-၁၉ ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ရရှိမှုနှင့် ဖြန့်ဝေမှု၊ ဆေးရုံဝန်ထမ်းများ တာဝန်ခွဲ ဝေချထားမှု၊ ကုသမှုရေးရာ၊ စီမံခန့်ခွဲမှုရေးရာ၊ ဝန်ထမ်းများ အဘက် ဘက်မှ အဆင်ပြေမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့ ကောင်းလျှင် ကောင်း သလို ရောဂါကြောင့်သေနှုန်းလည်း ကျဆင်းလာမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ကျဆင်းရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုနှင့် အခက်အခဲ များကိုလည်း ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ အနေဖြင့် ပွင့်လင်းစွာဆွေး နွေးတင်ပြကြစေလိုပါကြောင်း။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံကြီးအချို့တွင် ဖြစ်ပွား မှုနှင့် သေဆုံးမှုများ မြင့်မားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာန/ အဖွဲ့အစည်း များနှင့် ပရဟိတ စေတနာရှင်များအနေဖြင့် ရရှိသော အရင်းအမြစ်ဖြင့် အကျိုးရှိထိရောက်စွာ အသုံးချကာ အကောင်းဆုံး အားထုတ်ကြိုးစားဆောင်ရွက်နေခြင်း များကို တွေ့ရှိရသည့် အတွက် အထူးကျေနပ်ပါကြောင်း၊ ဤကဲ့သို့ သောအချိန်ကာလ၌ ဆေးရုံ တွင်း၌ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နေ ရသည့် အတွက် အဆင်မပြေမှုများ အနည်းငယ်ရှိ နိုင်သော်လည်း ၎င်းအချက်များအား စုပေါင်းဆွေး နွေးကာ အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆုံးဖြတ်၍ ဆောင်ရွက် စေလိုပါကြောင်း၊ ဆေးရုံတွင်း၌ ကုသရေးဆရာဝန်များ၊ နှီးနွှယ်ပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများအကြား ချိန်သား ကိုက်ချိတ်ဆက်ဆောင်ရွက်ခြင်းများ တတ်နိုင်သမျှ ရရှိအောင် လုပ်ဆောင်ကြစေလိုပါ ကြောင်း၊ ဆေးရုံလုပ်ငန်းများ၌ ဆုံးဖြတ်ရန် ခက်ခဲသော မူဝါဒနှင့် နည်းဗျူဟာများ ရှိပါက "ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့" နှင့် တိုင်ပင်ဆွေးနွေးကာ ချက်ချင်းဆုံးဖြတ် ဆောင်ရွက်စေလိုပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်များနှင့် တက္ကသိုလ်များမှ ရန်ကုန်တိုင်းဒေသကြီးတွင် တွဲဖက်လာရောက် တာဝန်ထမ်းဆောင်သူများ နေထိုင်၊ စားသောက်၊ သွားလာရေးကိစ္စရပ်များ ကိုလည်း ပထမဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တစ်ကိုယ်ရေ သုံးရောဂါကာကွယ်ရေးအသုံးအဆောင်များ အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးအတွက် ဗဟိုအဆင့် တာဝန်ရှိသူများက ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ဆေးရုံ တစ်ရုံချင်းစီရှိ ဆေးလက်ကျန်စာရင်းများကို ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက် အလက်ပြ စာမျက်နှာ (dashboard) မှတစ်ဆင့်အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုသုံးသပ်ပြီး လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို ပံ့ပိုးမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဆေးရုံအုပ် ကြီးများအနေဖြင့် မိမိတို့ဆေးရုံ၏ ဆေးလက်ကျန်စာရင်းများနှင့် လိုအပ်ချက်များကို ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်း အချက် အလက်ပြ စာမျက်နှာ (dashboard)တွင် အချိန်နှင့် တစ်ပြေးညီ မဖြစ်မနေ ထည့်သွင်း (update) ထားရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်သာမက ရေရှည်ကာလအတွက် ဆေးရုံများ၏ ဆေးနှင့် ဆေးပစ္စည်း များအချိန်မီထောက်ပံ့ နိုင်ရေး၊ လူနာသယ်ယူရွေ့ပြောင်းမှု၊ ဓာတ်ခွဲ၊ ဓာတ်မှန် စစ်ဆေးမှု၊ စသည်တို့ပါဝင်သည့် ဆေးရုံလုပ်ငန်းစီးဆင်းမှု (hospital logistics system) စနစ်ကောင်း တစ်ခုရရှိရေးဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် ယနေ့ပင် ဆွေးနွေးပြောကြား ပြီးဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ဆေးနှင့်ဆေးပစ္စည်းများဖြန့်ဖြူး ထားရှိမှုနှင့် လိုအပ်မှုများ၊ ကိုဗစ်-၁၉ ရောဂါ antigen ရှိ၊ မရှိကို လျင်မြန်စွာ စစ်ဆေးနိုင်မည့် ကမ္ဘာ့ကျန်းမာရေးအသိအမှတ်ပြု test kit များကို ကနဦးအနေဖြင့် အခုရေ (၂၀၀,၀၀၀) မှာယူထားရှိမှုနှင့် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) တန်ဖိုးရှိ ရရှိမည့် အခြေအနေများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက လူနာများ သယ်ယူပို့ဆောင်ရေးကို ပိုမိုချောမွေ့စေရန် လူနာ လွှဲပြောင်းမှု လမ်းကြောင်း (referral pathway) ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ကုသမှုပိုင်းဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ရန်ကုန် တိုင်းဒေသကြီးတွင် ရောဂါ လက္ခဏာ မပြင်းထန်သည့် စောင့်ကြည့် လူနာများကို ထားရှိရန် နေရာများ စီစဉ်ထားမှုနှင့်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာန များ၊ ဆေးရုံများ၊ ဓာတ်ခွဲဌာနများ၊ အသွားအလာ ကန့်သတ်ရာဌာနများမှ လက်တွေ့မြေပြင် တွင်လုပ်ငန်းဆောင်ရွက်နေသူများ၊ လူနာများကို ကိုင်တွယ်ကုသမှုပေးနေသူများသည် Video Conferencing စနစ်ဖြင့် တိုင်ပင်ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်နေမှုများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး က လိုအပ် ချက်များအား ဖြည့်ဆည်းဆောင်ရွက်နေမှု အခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ်စီမံ ခန့်ခွဲမှု ကိစ္စရပ်များ၊ ယခုအသစ်ခန့်အပ်ပြီးဖြစ်သည့် သူနာပြုသစ်လွင်များအနက်မှ ရန်ကုန် တိုင်းဒေသကြီးရှိ ဆေးရုံကြီးများသို့ တာဝန်ချထားမှုအခြေအနေ၊ ဗဟိုအဆင့်နှင့် တိုင်းဒေသ ကြီးအဆင့် တာဝန်ရှိသူများ၊ ကွင်းဆင်းအဖွဲ့များအကြား ချိတ်ဆက် ဆောင်ရွက်နေမှုများကို လည်းကောင်း။
ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက လူနာများအား ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်း များ နေအိမ်တွင် ပြန်လည်နေထိုင်ရန် အခက်အခဲရှိ သဖြင့် နေထိုင်ရေးအတွက် အဆောင်များ၊ ဟိုတယ်များ စီစဉ်ထားရှိမှုအခြေ အနေ၊ သူနာပြု တက္ကသိုလ် (ရန်ကုန်) ရှိ အဆောင်များကို အသုံးပြုသွားရန်နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများ၊ ဆေးရုံများနှင့် အသွား အလာကန့်သတ် ထားရှိရာနေရာများတွင် အရေးတကြီးထပ်မံလိုအပ်သည့် ကိစ္စရပ်များနှင့် စိန်ခေါ်မှုများကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ရန်ကုန်ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ လူနာများအား ထားရှိမည့် လူနာဆောင်နှင့် အလွှာ (floor) အလိုက် သတ်မှတ်ထားရှိမည်ကို ဆောင်ရွက်နေသည့် အခြေအနေများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်က ဓာတ်ခွဲစစ်ဆေးနေမှုအခြေ အနေများနှင့် ကမ္ဘာ့ကျန်းမာရေး အသိအမှတ်ပြု test kit များအသုံးပြု စစ်ဆေးရန်အတွက် လုပ်ငန်း လမ်းညွှန်ပြုစုလျက် ရှိမှုကိုလည်းကောင်း၊ ဆေးပညာပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာ ဇော်လင်းအောင်က ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသည့် ကျန်းမာရေးဝန်ထမ်းများအား ထားရှိ ကုသမှုပေးရန် ဆေးရုံတစ်ခု သတ်မှတ်ရန် ကိစ္စရပ်၊ ကိုဗစ်-၁၉ ကိစ္စရပ်တွင် ပါဝင်ဆောင်ရွက်လိုသည့် ပုဂ္ဂလိကအထွေထွေရောဂါဆရာဝန်များ အား တာဝန်ပေးနိုင်ရေး အတွက် မြန်မာနိုင်ငံဆရာဝန် အသင်းနှင့် ဆက်သွယ်ဆွေးနွေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ကိုဗစ်-၁၉ လူနာမဟုတ်သည့် အခြားသော လူနာများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်နေသည့် အခြေအနေ များနှင့် ရေရှည်တွင် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာ သီတာလှက ကွင်းဆင်းဆောင်ရွက်မှုအခြေ အနေများနှင့် အသွားအလာကန့်သတ် ထားရှိရာနေရာများတွင် စီမံခန့်ခွဲသူများ တာဝန်ချထား ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က အသွားအလာကန့် သတ်ထားရှိ ရာနေရာများမှ လူနာလွှဲပြောင်းပို့ဆောင်မှု အခြေ အနေများကိုလည်းကောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့် အေးက ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆေးရုံကြီးမှ ဓာတ်ခွဲနမူနာ များ ပေးပို့စစ်ဆေး နေမှု အခြေအနေများကိုလည်းကောင်း၊ မေ့ဆေးပညာပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အပါအဝင် ဆေးရုံကြီးများတွင် ရေရှည်တွင် လိုအပ်မည့် Oxygen ပိုက်လိုင်းများ ထပ်မံတပ်ဆင်ရန် အကြံပြုချက်များ၊ ထပ်မံတိုးချဲ့ ထားသောအထူးကြပ်မတ်ကုသဆောင်များအတွက် လူနာခုတင်များတပ်ဆင်ရန် အတွက် အကြံပြုချ က်များနှင့် အထူးပြုသူနာပြုများ တာဝန်ခွဲဝေချထားမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ဆေးပညာ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာသင်းသင်းနွယ်က မြောက်ဥက္ကလာပ အထွေအထွေရောဂါ ကုဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုလည်းကောင်း၊ မေ့ဆေးပညာပါမောက္ခ ဒေါက်အေးအေးအေးက ခွဲစိတ်မှုများအား ခေတ္တရပ်ဆိုင်းထားသည့် အတွက် အထူးပြုသူနာပြုများအား လိုအပ်သည့် ဆေးရုံများ၌ တာဝန်တွဲဖက်ချထားမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)၊ ဝေဘာဂီ အထူးကုဆေးရုံကြီးနှင့် တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးတို့မှ ဆေးရုံ အုပ်ကြီးများက Portable X ray များ၊ Portable Ultrasound များ လိုအပ်မှု၊ Liquid Oxygen စနစ်တပ်ဆင်ရန် လိုအပ်မှု အခြေအနေများကိုလည်းကောင်း အစည်းအဝေးသို့ တက်ရောက်လာကြ သူများက အထွေထွေကိစ္စရပ်များကို လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ချက်ချင်းဆုံးဖြတ်ချက်ချနိုင် သည်များကို ဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုထပ်မံလိုအပ်သော Portable X ray များ၊ Portable Ultrasound များ၊ Liquid Oxygen စနစ် ထပ်မံတပ်ဆင်ရန် ကိစ္စရပ်များနှင့် လိုအပ်သည်များ ချက်ချင်းဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံအုပ်ကြီးများ၊ လူနာများ ကို ကုသမှုပေးနေသည့် ဆရာဝန်ကြီးများ၊ ဓာတ်ခွဲနှင့် ဓာတ်မှန်လုပ်ငန်း ဆောင်ရွက်နေသူများ၊ အသွားအလာကန့်သတ် ခြင်းလုပ်ငန်း များဆောင်ရွက်နေသူများ အပါအဝင် လုပ်ငန်းပါဝင် ဆောင်ရွက်နေသူများ အသီးသီးအနေဖြင့် ကဏ္ဍအလိုက် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ဆောင်ရွက်နေခြင်းများကို ဆက်လက်၍ ဆောင်ရွက်စေလိုပါကြောင်း။
ဆွေးနွေးညှိနှိုင်းမှုများမှ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ ချက်ချင်းအသိပေးပြီး ဝန်ကြီးဌာနမှ လည်း အမြန်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ၎င်းတို့သည် Video conferencing စနစ်ဖြင့် နေ့စဉ် နံနက် အစောပိုင်းတိုင်းတွင် များပြားသော သံသယ/ စောင့်ကြည့်လူနာများ စီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးခြင်း၊ နေ့စဉ် ညနေ (၅) နာရီတွင် "ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့" ဆွေးနွေးခြင်း၊ နေ့စဉ် ည (၁၀) တွင် ကိုဗစ်-၁၉ လူနာများ ဆေးရုံနှင့် ဆေးရုံခုတင်စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးခြင်းများကို ဆောင်ရွက်နေသည်ကို တွေ့မြင်ရပါ ကြောင်း၊ ဗဟိုကွင်းဆင်းအဖွဲ့ (၃) ဖွဲ့သည်လည်း လက်တွေ့မြေပြင်တွင် ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ် ဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များအတွက် အဖွဲ့များ ဖွဲ့စည်း ထားပြီးဖြစ်ကာ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဆုံးဖြတ်ကာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မှ သာလျှင် ဤကပ် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို မကြာခင်ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း၊ မူဝါဒရေးရာနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်မည့် အခြေအနေများ ကိုသာ ဗဟိုအဆင့်သို့ တင်ပြရန်ဖြစ် ကြောင်း ပြောကြားသည်။
(သတင်းစဉ်)