နေပြည်တော် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြကံသာရွာနှင့် ထန်းပင်ကုန်းရွာတို့ကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်း ပြည်သူများအေးချမ်းစွာ လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဗုံးကြဲတိုက်ခိုက်မှုများ မရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များကို အကြောက်တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်မှန်ကန်မှုမရှိသည့် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်