Skip to main content

အမှတ်တရကောင်းများဖြင့် အားကစားသမားများ စိတ်နှလုံးဝယ် စွဲကျန်နေမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ ဒီဇင်ဘာ ၂၀ တွင် ပြီးဆုံးတော့မည်ဖြစ်သည်။ အားကစားပြိုင်ပွဲအသီးသီးတွင် ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများ၊ မျိုးဆက်သစ်များ၊ အားကစားသမားတို့အတွက် နောက်ကွယ်မှ ပံ့ပိုးပေးလျက်ရှိသည့် အသင်းများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကြီးများတွင် ပါဝင်အားဖြည့်ကြသူအားလုံးအတွက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် အမှတ်တရများစွာ ကျန်ရစ်ခဲ့တော့မည်ဖြစ်ရာ ယင်းတို့အနက်မှ နောက်ဆုံးပိတ်ပွဲစဉ်အချို့တွင် ယှဉ်ပြိုင်ကြသူများ၏ အမှတ်တရစကားသံများကို မြန်မာ့အလင်းပရိသတ်များထံ စုစည်းတင်ပြလိုက်ရပါသည်။

မောင်နိုင်လင်းထွန်း (လမ်းလျှောက်စံချိန်သစ်ရ ကစားသမား) ဆောက်လုပ်ရေးဝန်ကြီးဌာန

ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကီလိုမီတာ ၂၀ လမ်းလျှောက် အားကစားနည်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုနဲ့ ၁ နာရီ ၃၅ မိနစ် ၃၂ စက္ကန့်နဲ့ စံချိန်သစ်ရပါတယ်။ အသက် ၂၁ နှစ်အောက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲမှာလည်း လမ်းလျှောက်မှာ ၁ နာရီ ၃၆ မိနစ် ၂၀ စက္ကန့်နဲ့ ၂၀၂၃ ဆီးဂိမ်းပထမစံချိန်ထက်အသာနဲ့ ပထမဆုရထားပါတယ်။ ဒုတိယဆုရတဲ့ သူနဲ့ကျွန်တော်နဲ့ဆိုရင် မီတာ ၂၀၀ လောက်ကွာပါတယ်။ နည်းပြ/ ဆရာတွေရဲ့ သင်ကြားပြသမှုနဲ့ ကိုယ်တိုင်ကြိုးစားမှုရဲ့ ရလဒ်အဖြစ် ကျွန်တော်ရွှေတံဆိပ်ဆုတွေ၊ စံချိန်သစ်တွေရတဲ့အတွက် ဝမ်းသာတယ်။ ပြိုင်ပွဲမှာ ပြိုင်မယ်ဆိုကတည်းက ကျွန်တော်က ပထမနေရာကိုပဲ လိုချင်တယ်။ ဒါကြောင့် သေချာလေ့ကျင့်တယ်။ လေ့ကျင့်ရင်းနဲ့ နာမသွားအောင် ဂရုစိုက်တယ်။ ကျွန်တော်အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်တာ သုံးနှစ်မပြည့်သေးဘူး။ ပထမဆုံးနှစ်မှာ ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲမှာ ၁ နာရီ ၅၇ မိနစ်နဲ့ ပထမရတယ်။ စံချိန်တော့မရခဲ့ဘူး။ မနှစ်ကလည်း လမ်းလျှောက်မှာ ၁ နာရီ ၄၇ မိနစ်နဲ့ စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က စီနီယာအစ်ကိုကြီးလျှောက်တဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာပါ။ ကိုယ့်အနာဂတ်မျှော်လင့်ချက်က ပြည်ပပြိုင်ပွဲတွေမှာ ပြိုင်ချင်တယ်။ ကိုယ့်မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုယူပေးချင်တယ်။ အခုပြိုင်ပွဲမှာ စံချိန်သစ်ရတဲ့အတွက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေအားလုံးက ဆုတွေချတယ်။ ဆုရတဲ့ ဆိုင်ကယ်နှစ်စီးမှာ တစ်စီးကို ကျွန်တော့်ရဲ့ နည်းပြဆရာ ဦးအောင်နိုင်ဝင်းကို ကန်တော့ခဲ့တယ်။ အခုလို စံချိန်သစ်တွေ၊ ဆုတွေရတယ်ဆိုတာကလည်း နည်းပြဆရာတွေရဲ့ ဂရုစိုက်သင်ကြားပြသမှုနဲ့ နည်းစနစ်တွေကြောင့်ပါ။ ကျွန်တော့်အသက်က အခု ၁၈ နှစ်ပြည့်တော့မယ်။ အား/ကာ သိပ္ပံ (တောင်ကြီး)ကနေ အရွေးခံရပြီးနောက် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီးတော့ အခုနိုင်ငံလက်ရွေးစင်ကစားသမားအဖြစ် ပဏာမအရွေးခံထားရပါတယ်။ ကျွန်တော့်လို မျိုးဆက်သစ်တွေကို အကြံပြုချင်တာက ကြိုးစားကြပါ။ ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုခုကို လုပ်ဖြစ်အောင် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မလင်းစန္ဒာဌေး (ရွှေတံဆိပ်ဆုရ ကချင်ပြည်နယ်ပြိုင်ပွဲဝင်) ကရာတေး ခတ၊ ကုမိတဲ့ပြိုင်ပွဲ

ကရာတေးပြိုင်ပွဲမှာ အမျိုးသမီးတစ်ဦးချင်းခတပြိုင်ပွဲနဲ့ အမျိုးသမီး ကီလို ၅၀ နှင့်အောက် ကုမိတဲ့ပြိုင်ပွဲ အမျိုးအစားနှစ်ခုယှဉ်ပြိုင်ပါတယ်။ ခတမှာ တတိယ (ကြေး)ရပြီး ကုမိတဲ့မှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်မတို့ ဒီပြိုင်ပွဲမဝင်ခင် ခြောက်လကျော်လောက်ကတည်းက မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ကနေ Camp သွင်းပြီး သေသေချာချာလေ့ကျင့်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်မက အား/ကာသိပ္ပံ (မန္တလေး)ကို ရှစ်တန်းနှစ်ကတည်းက စရောက်ပြီးတော့ ကရာတေးအဓိကနဲ့ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အခြားကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား၊ Japan Cup စတဲ့ ကရာတေးပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ပြီး ရွှေ၊ ငွေ၊ ကြေးတံဆိပ်တွေ ရဖူးပါတယ်။ ပြည်နယ်နဲ့ တိုင်းအဆင့် ကရာတေးပြိုင်ပွဲတွေက နားထားတာကြာပြီ။ ဒီပြိုင်ပွဲကြီးကျင်းပတဲ့အချိန်မှ ပြန်ပြီးကျင်းပတဲ့အတွက် ဝင်ပြိုင်တာပါ။ ပြိုင်ခဲ့ဖူးတဲ့ပြိုင်ပွဲတွေထဲမှာတော့ ဒီပြိုင်ပွဲက အကြီးဆုံးပါ။ ဒီလိုပြိုင်ပွဲတွေလည်း များများလုပ်စေချင်တယ်။ ပြည်တွင်းရော ပြည်ပပွဲတွေပါ များများလွှတ်ပေးစေချင်တယ်။ ကရာတေးအားကစားရဲ့ ရည်ရွယ်ချက်က အချင်းချင်းလေးစားမှုနဲ့ စည်းကမ်းလိုက်နာခြင်းပါ။ အချင်းချင်းလေးစားမှုရှိမှ အခြားသော လူမှုဆက်ဆံရေးကိုလည်း အဆင်ပြေစေနိုင်တာပါ။ ကျွန်မရဲ့ အနာဂတ်မျှော်လင့်ချက်က ဆီးဂိမ်းမှာ ကျွန်မကစားတဲ့ ဝိတ်တန်းမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီးတော့ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးချင်တယ်။

ကိုဇော်မင်းထက်(အုပ်ချုပ်သူ ရခိုင်ပြည်နယ် ကရာတေးအသင်း)

ကျွန်တော်တို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ကရာတေးကစားသမားတွေထဲက ရွှေတံဆိပ်ဆုနှစ်ခုရယူပေးနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူလို့ မဆုံးပါဘူး။ နောက်ထပ်နှစ်ဦးလည်း ကြေးတံဆိပ်ဆု ရရှိထားပါတယ်။ ကရာတေးကစားနည်းမှာ ကျွန်တော်တို့ ကစားသမားအကုန်လုံး ၁၄ ဦး ဝင်ပြိုင်ပါတယ်။ ရခိုင်ပြည်နယ်က ကရာတေးကစားသမားတွေအနေနဲ့ ပြိုင်ပွဲအတွက် ပြည်နယ်မှာ လေ့ကျင့်ဖို့အခက်အခဲတွေရှိတာကြောင့် ပထမဆုရအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေပြည်တော်မှာ နှစ်လစခန်းသွင်းလေ့ကျင့်ပြီး ရွှေတံဆိပ်ဆုအရယူနိုင်ခဲ့တာပါ။

နန့်စန္ဒာမိုး(ရွှေတံဆိပ်ဆုရ၊ ဘော်လီဘောပြိုင်ပွဲဝင်) (ကာကွယ်ရေးဝန်ကြီးဌာနအသင်း)

ညီမတို့ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသမီးဘော်လီဘောအသင်းက ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီနေ့ဗိုလ်လုပွဲက လက်ရေညီတဲ့ အသင်းနှစ်သင်းဖြစ်တော့ ယှဉ်ပြိုင်မှုအားကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ညီမတို့အသင်းကတော့ ဒီနေ့ပြိုင်ပွဲမှာ အမှားယွင်းနည်းစွာနဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပြီး တစ်ဖက်အသင်း ကစားသမားတွေရဲ့ ရိုက်ချက်တွေကို အကောင်းဆုံးကာကွယ်နိုင်ခဲ့အတွက် အခုလိုရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဘော်လီဘောကစားနည်းက ရှုထောင့်ပေါင်းဆုံကနေ လျင်မြန်စွာ ဆုံးဖြတ်ချက်ချ ကစားရတဲ့အတွက် လေ့ကျင့်မှုပြည့်ဝဖို့လိုသလို ဖြတ်ထိုးဉာဏ်လည်း ကောင်းဖို့လိုတယ်။ အားကစားသမားတစ်ယောက်ဖြစ်တော့ ပြိုင်ပွဲတွေ နှစ်စဉ်နှစ်တိုင်းကျင်းပပေးဖို့ မျှော်လင့်တယ်။ အခုလို အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးတဲ့အတွက်လည်း တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာခင်မျိုးဝင်း (ဒုတိယညွှန်ကြားရေးမှူး) ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး (နေပြည်တော်)

အမျိုးသားအားကစားပွဲတော် အခမ်းအနားကြီးမှာ ဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရဆေးအဖွဲ့တွေနဲ့ ဆေးခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးအနေနဲ့ ဆေးခန်းသုံးခန်းဖွင့်လှစ်ပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေ ဖွင့်ပွဲပိတ်ပွဲကျင်းပတဲ့ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနဲ့ ရွာတော်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာလည်း ဆေးခန်းဖွင့်လှစ်ပေးထားတဲ့အပြင် အားကစားကွင်းထဲက ပြိုင်ပွဲတစ်ခုချင်းစီအလိုက် ဖွင့်လှစ်ပေးထားတဲ့ အခြားဆေးဝန်ထမ်းအဖွဲ့တွေ အပါအဝင်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ အများကြီးပါဝင်ပါတယ်။ ကျွန်မတို့ ဆေးခန်းမှာဆိုရင် အရေးပေါ်တာဝန်ကျ ဆရာဝန်ကြီး၊ အရိုးအကြောဆရာဝန်ကြီး၊ အထွေထွေရောဂါကု ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်း သူနာပြု ဆရာ ဆရာမတွေ ပါဝင်ပါတယ်။ ကျွန်မတို့ ခုတင်(၁၀၀၀) ဆေးခန်းမှာ လိုအပ်ရင် လိုအပ်သလို ပြုစုကုသမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေ အသင့်ထားရှိသလိုပဲ ဆေးခန်းပြဖို့၊ ဓာတ်မှန်ရိုက်ဖို့နဲ့ လိုအပ်ရင် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးကို လွှဲပို့နိုင်ဖို့အတွက်ကို အသင့်ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်။

ဆရာခင်မောင်တိုး (ဘော်လီဘောနည်းပြချုပ်) (ရွှေတံဆိပ်ဆုရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်း)

ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအမျိုးသမီးဘော်လီဘောအသင်းအနေနဲ့ ဒီနေ့မှာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ရရှိတဲ့အတွက် ဝန်ကြီးဌာနနဲ့ ကစားသမားတွေအတွက် အလွန်ဂုဏ်ယူမိတယ်။ ကျွန်တော်တို့ အသင်းကတော့ ပြည်တွင်းရော ပြည်ပမှာပါ ပြိုင်ပွဲတွေ ရှိလာတဲ့အခါ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ကြိုတင်လေ့ကျင့်မှုတွေ အမြဲမပြတ်လုပ်ဖြစ်ပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေတိုင်းမှာ တကယ်တော်တဲ့ မျိုးဆက်သစ်ကစားသမားတွေကို ပြန်လည်မြင်တွေ့ ရတဲ့အတွက် နိုင်ငံအတွက် ဘော်လီဘောလက်ရွေးစင်ကစားသမားတွေ အများကြီးထွက်ပေါ်လာနိုင်တယ်။ မျိုးဆက်သစ်ကစားသမားတွေအနေနဲ့ ကိုယ်ကျွမ်းကျင်ရာ ကစားနည်းကို ရွေးချယ်ပါ။ အောင်မြင်မှုတွေရရှိအောင်လည်း ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့အတူ နည်းစနစ်တကျ လေ့လာသင်ယူပါ။ ယှဉ်ပြိုင်မှုကို ပြိုင်ဘက်လိုသဘောမထားဘဲ တစ်သင်းနဲ့တစ်သင်း၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရိုးသားစွာ ကစားကြဖို့ ပြောချင်ပါတယ်။

ကိုလှမင်းအောင်(ခွဲမှူး၊ နည်းပြ) ပြည်မြို့၊ ရွှေတောင်ဇေယျာသိဒ္ဓိသိုင်းပင်မအဖွဲ့

ပိတ်ပွဲမှာ ဖျော်ဖြေဖို့အတွက် ကျွန်တော်တို့အဖွဲ့က ၃၅ ဦး ပါပါတယ်။ အခမ်းအနားမှာ မြန်မာ့သိုင်းအခြေခံ ၆၃ မောင်း သရုပ်ပြပြီးတာနဲ့ ကာယသိဒ္ဓိပြသတာနဲ့ ဓားရေးကစားတာတွေ ပါဝင်ပြသမှာပါ။ ဒီလိုမျိုး ပြိုင်ပွဲကြီးမှာ အနယ်နယ်အရပ်ရပ်ကအဖွဲ့တွေ လာဆုံကြရလို့ ဝမ်းသာတယ်။ အထူးသဖြင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရိုးရာသိုင်းပညာရပ်တွေကို ဒီလိုအခမ်းအနားကြီးမှာ ပြသခွင့်ရတာကို ပိုပြီးတော့ ကျေနပ်မိတယ်။ ဒီလိုမျိုးရိုးရာပညာရပ်တွေကိုလည်း လူငယ်မျိုးဆက်တွေကို ဆက်ပြီးထိန်းသိမ်းစေချင်တယ်။

တွေ့ဆုံမေးမြန်း-ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ မျိုးထက်ဦး၊

ဓာတ်ပုံ - ဇင်ဟိန်းထက်