နေပြည်တော် ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ကမ္မမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၄ ရက်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းနှင့် ပခုက္ကူမြို့နယ်၊ ရေမျက်ကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပခုက္ကူမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ ဒီဇင်ဘာ ၁၈ ရက်က ရေမျက်ကျေးရွာနှင့် အနီးဝန်းကျင်များသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းမရှိကြောင်းနှင့် ကမ္မမြို့နယ်အတွင်းမှ ပြည်သူ ၁ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် သတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။