နေပြည်တော် ဒီဇင်ဘာ ၁၈
ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law) အဋ္ဌမ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law) (မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရန် ၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ အဖွဲ့ဝင်များပါဝင်သော လုပ်ငန်းအဖွဲ့နှင့် ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်း၍ အခြားနိုင်ငံများက ကျင့်သုံးဆောင်ရွက်နေသည့်အခြေအနေများအပေါ် လေ့လာ၍ညှိနှိုင်းရေးဆွဲခဲ့ရာ ယခုအချိန်တွင် အဋ္ဌမ(မူကြမ်း)အဆင့်သို့ ရောက်ရှိခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အပေါင်ထား၍ ချေးငွေထုတ်ချေးနိုင်မည့် ဈေးကွက်တစ်ရပ်ပေါ်ပေါက်လာပြီး စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ချေးငွေရရှိနိုင်မှုတိုးတက်ရေးကို အထောက်အကူပြုရန်၊ အပေါင်ပစ္စည်းများကို မှတ်ပုံတင်ထားခြင်းဖြင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရခိုင်မာမှုရှိစေရန်၊ အာမခံအကျိုးခံစားခွင့်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှုများကို ဤဥပဒေအရ ဖြေရှင်းနိုင်ရန် ရည်ရွယ်ကြောင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transactions Law)ကို ပြဋ္ဌာန်းပြီးပါက အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများသည် ချေးငွေရရှိနိုင်မှု ပိုမိုလွယ်ကူမြန်ဆန်၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်