၂၀၂၄ ခုနှစ် ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ဦးနိုင်ကျော်ဟိန်း ကရာတေးအားကစားနည်းပြ ကချင်ပြည်နယ်ကိုယ်စားပြု
ဒီပြိုင်ပွဲဝင်ဖို့ ကရာတေးအားကစားသမားတွေကို ကချင်ပြည်နယ်မှာ ခြောက်လလောက် လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ကရာတေးပြိုင်ပွဲမှာ ကချင်ပြည်နယ်က ခတရောကုမိတဲ့ပါ နှစ်မျိုးစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့တာမှာ ရွှေတစ်ခု၊ ကြေးနှစ်ခုရရှိခဲ့ပါတယ်။ အခုရွှေရတာကတော့ ကုမိတဲ့ ၅၀ ကီလို အောက်ပြိုင်ပွဲမှာရရှိခဲ့တာပါ။ ပြိုင်ပွဲဝင်ကစားသမားကတော့ အားလုံး ၁၀ ယောက်ပါလာပါတယ်။ အမျိုးသားငါးယောက်၊ အမျိုးသမီးငါးယောက်ဖြစ်ပါတယ်။ အားကစားဆိုတာကပြိုင်ပွဲတွေရှိနေမှ ဖွံ့ဖြိုးတိုးတက်တာဆိုတော့ ပြိုင်ပွဲတွေကို ပုံမှန်ကျင်းပပေးစေလိုပါတယ်။ အဲဒါမှ ကစားသမားကောင်းတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။
မောင်မင်းနိုင်ငြိမ်း ကရာတေးအားကစားပြိုင်ပွဲဝင် ရှမ်းပြည်နယ်ကိုယ်စားပြု
ကျွန်တော်က ကရာတေးပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ခတပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တာဖြစ်ပါတယ်။ အခုလိုဆုရအောင်တောင်ကြီးမှာ တစ်လကျော်ကျော် နှစ်လလောက် မနက်ညအပြင်းအထန် စခန်းသွင်းလေ့ကျင့်ပြီး ဒီပြိုင်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကရာတေးအားကစားကို ရှစ်နှစ်ကိုးနှစ်အရွယ်ကတည်းက နွေရာသီသင်တန်းတွေတက်ပြီး လေ့လာသင်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် ကတည်းကလေ့လာဖြစ်ခဲ့တာပါ။ ကျွန်တော် ၂၀၁၈ ခုနှစ်မှာ Thailand Open ကရာတေး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းလိုက် ခတကစားသမားအနေနဲ့ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ကရာတေးက ပြိုင်ပွဲမကျင်းပတာ ကိုဗစ်ပြီးကတည်းကဆိုတော့ တော်တော်အလှမ်းကွာနေပြီ။ အခုလိုပြန်လည်ကျင်းပပေးတာ အလွန်အားရကျေနပ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပါတယ်။ ဆုတံဆိပ်တွေလည်း ရခဲ့ဖူးပါတယ်။
ကိုထက်ဝေယံထွန်း ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲဝင် ရှမ်းပြည်နယ်ကိုယ်စားပြု
ကျွန်တော်တို့က ၁၅ လုံးနှစ်ယောက်တွဲပြိုင်ပွဲမှာဝင်ပြိုင်ပြီး ရှမ်းပြည်နယ် ကိုယ်စားပြုရွှေတံဆိပ်ဆု ရခဲ့တာဖြစ်ပါတယ်။ အခုလိုရွှေတံဆိပ်ဆုရတော့ အလွန်ဝမ်းသာပါတယ်။ ကျွန်တော်တစ်ယောက်တည်းကောင်းလို့မဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ စည်းစည်းလုံးလုံးလုပ်ခဲ့လို့ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်ကစားသမားတွေက တော်တော်လေးကောင်းတယ်။ အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ထိုးရတော့ ပညာရပါတယ်။ ပြိုင်ပွဲမလာခင်ကတောင်ကြီးမှာ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်က သေချာသင်ကြားပေးတယ်။ ဒီပြိုင်ပွဲအတွက် လေ့ကျင့်ရတာကတော့ သုံးလလောက်ဖြစ်ပါတယ်။ အခုပြိုင်ပွဲက ကျွန်တော့်ရဲ့ပထမဆုံးပွဲဖြစ်ပါတယ်။ ပထမဆုံးပွဲမှာ ရွှေရခဲ့တာပါ။ ကစားသမားကောင်းတစ်ဦး ဖြစ်လာဖို့ကတော့ အရေးကြီးဆုံးက လေ့ကျင့်မှုဖြစ်ပါတယ်။ လေ့ကျင့်မှုရှိရမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရမယ်။ ပြိုင်ဘက်ကိုလုံးဝအထင်သေးလို့မရဘူး။ ပြိုင်ပွဲမှာ အကျပ်အတည်းကနေ ကိုယ်ဘယ်လိုရုန်းထွက်ရမလဲဆိုတာ အရေးကြီးတယ်။ ဒီပုံစံအတိုင်းဆက်လက်ကျင်းပပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ မျိုးဆက်သစ်ကစားသမားတွေအတွက် အခွင့်အလမ်းတွေအများကြီးရမှာဖြစ်ပါတယ်။
ကိုပြည့်ဖြိုးမောင် အမျိုးသားဖူဆယ် အားကစားနည်းပြ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု
အခုလိုပြိုင်ပွဲဝင်နိုင်ဖို့ ကစားသမားတွေကို နှစ်လခွဲသုံးလလောက် စခန်းသွင်းလေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ ပထမတော့ဒီပြိုင်ပွဲအတွက် ကစားသမား ၁၈ ယောက်ရွေးခဲ့ပြီး နောက်တော့ ၁၄ ယောက်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမဝင်ခင်ကတည်းက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုတွေ၊ ကစားကွက်တွေ၊ စည်းလုံးမှုတွေ အများကြီးပေါင်းစပ်ပြီးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအဆင့်အထိ ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ကစားသမားတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ဖက်အသင်းကလည်း ကောင်းကောင်းပြင်ဆင်လာတဲ့အသင်းဖြစ်တာကြောင့် အနိုင်ရဖို့ တော်တော်လေးတော့ ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းမှာ ရန်ကုန်နဲ့ မန္တလေးတို့က ကစားသမားတွေနဲ့စုဖွဲ့ပြီး လာပြိုင်တာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးပွဲတွေ၊ ဝန်ကြီးဌာနပွဲတွေ လုပ်ပေးတဲ့အတွက် ကစားသမားတွေလည်း ပြိုင်ပွဲဝင်အတွေ့အကြုံတွေ အများကြီးရပါတယ်။ ပွဲများများကစားရတဲ့အတွက် လူငယ်ကစားသမားတွေလည်း အများကြီးပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။
ဦးနေအောင်ဝင်း အမျိုးသားစားပွဲတင်တင်းနစ် အားကစားနည်းပြ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု
ဒီပြိုင်ပွဲဝင်ဖို့ ပြိုင်ပွဲဝင်မယ့် စားပွဲတင်တင်းနစ် ကစားသမားတွေကို လွန်ခဲ့တဲ့နှစ်လကျော် ကျော်ကတည်းက စခန်းသွင်းလေ့ကျင့်စေခဲ့တာဖြစ်ပါတယ်။ မနက် ၉ နာရီကနေ ည ၁၂ နာရီ အထိ လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ အမျိုးသားအသင်းလိုက် နောက်ဆုံးဗိုလ်လုပွဲမှာအနိုင်ရပြီး ရွှေတံဆိပ်ဆုရခဲ့တာပါ။ အခုလိုအမျိုးသားအသင်းလိုက် စားပွဲတင်တင်းနစ် အားကစားနည်းနဲ့ ရွှေတံဆိပ်ဆုရဖို့အတွက် ကလေးတွေကို တစ်ပတ်မှာ ငါးရက်နေ့ည လေ့ကျင့်ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။ စားပွဲတင်တင်းနစ်ကတော့ စိတ်တည်ငြိမ်မှုနဲ့ အရည်အချင်းပိုင်းကို ဦးစားပေးတဲ့ကစားနည်းဖြစ်ပါတယ်။ အခုအားကစားပွဲတော်မှာ စားပွဲတင်တင်းနစ် အားကစားကို ထည့်သွင်းကျင်းပပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မောင်လူမင်းမောင် ဝူရှူး(ထောက်လု)ပြိုင်ပွဲဝင် မွန်ပြည်နယ်ကိုယ်စားပြု
အခုကျင်းပနေတဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ သုံးလနီးပါး စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ဒီဝူရှူးအားကစားကို စတင်လေ့လာလေ့ကျင့်ခဲ့တာကတော့ ၂၀၁၈ ခုနှစ်ကတည်းကဖြစ်ပါတယ်။ လက်ရှိကျွန်တော့် အသက်က ၁၅ နှစ်ပဲရှိပါသေးတယ်။ အမျိုးသားအလွတ်တန်း ဝူရှူး(ထောက်လု)ပြိုင်ပွဲဆိုတော့ ကိုယ့်ထက်အသက်အရွယ်ကြီး တဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် ပြိုင်ဘက်ကစားသမားတွေထက်တော့ ပိုပြီး ကြိုးစားယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ပြိုင်ဘက်ကစားသမားတွေဆိုပေမယ့် သူတို့ရဲ့ကစားနည်း ကစားဟန်တွေကိုလည်းသိရတယ်။ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ အခုလိုပြိုင်ပွဲတွေကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲတွေရှိနေမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားဦးမှာ ဖြစ်ပါတယ်။
မောင်ထက်ကိုကိုဇော် အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု
ဒီပြိုင်ပွဲအတွက် အများကြီးလေ့ကျင့်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ အရင်ကလည်း ကျွန်တော့်အနေနဲ့ ပြိုင်ပွဲတွေဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ တပ်တွင်းပြိုင်ပွဲတွေကတော့ မကြာမကြာယှဉ်ပြိုင်ရတာပါ။ အခုလို နိုင်ငံတော်အဆင့်ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ အင်မတန်ဂုဏ်ယူရပါတယ်။ တပ်တွင်းပြိုင် ပွဲတွေယှဉ်ပြိုင်ရတာနဲ့ဝန်ကြီး ဌာနပေါင်းစုံယှဉ်ပြိုင်ရတာ ကွာခြားချက်လေးတွေတော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်အခုအားကစားပွဲတော်မှာ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တတိယဆုရဖို့အတွက် ပြိုင်ဘက်အသင်းကို အကြိတ်အနယ်ကစားပြီး ကြေးတံဆပ်ဆုနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ဌာနအတွက်ဆုတစ်ခုရယူနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပြိုင်ပွဲကနေ ကစားသမားကောင်းတွေ ထွက်ပေါ်လာမှာဖြစ်လို့ ပြိုင်ပွဲတွေများများ ကျင်းပပေးရင် ပိုကောင်းပါတယ်။
ဦးသန်းဝင်း မြန်မာ့ရိုးရာခြင်းလုံး အားကစားအသင်းနည်းပြ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု
မန္တလေး တိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသမီးရိုးရာခြင်းလုံးအသင်းအနေနဲ့ ပြီးခဲ့တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကလည်း ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ အခုဆို မန္တလေး အမျိုးသမီးအသင်းဟာ သုံးနှစ်ဆက် ရွှေတံဆိပ်ဆုရခဲ့တာပဲဖြစ်ပါတယ်။ အခုပြိုင်ပွဲဝင်ဖို့ ကစားသမားတွေကို မိုးလုံလေလုံအားကစားကွင်းမှာ နှစ်လကျော်ကျော် လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပြတွေလည်း အနီးကပ်ကြီးကြပ်ပြီး လိုအပ်တာတွေကို သင်ကြားပေးခဲ့တာဖြစ် ပါတယ်။ အဲဒီလိုသင်ပေးခဲ့လို့လည်း အခုလိုရွှေတံဆိပ်ဆုရခဲ့တာပါ။ မန္တလေးအမျိုးသမီးအသင်းအနေနဲ့ အမှတ်ကလည်း ၉၀၊ ၁၀၀၊ ၁၂၀ လောက်ထိပြတ်အောင် ကစားနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဝင်ဖို့ အမျိုးသမီးအသင်းက ဒိုင်၊ အုပ်ချုပ်သူ၊ နည်းပြအပါအဝင် ၁၁ ဦး၊ အမျိုးသားကလည်း ၁၁ ဦးပါဝင်ပါတယ်။ နှစ်လလုံး ပြင်ဆင်မှုတွေရော၊ လေ့ကျင့်မှုတွေရော တစိုက်မတ်မတ်ပြုလုပ်ခဲ့လို့သာ အောင်မြင်မှုရခဲ့တာပါ။ ကျွန်တော့်အနေနဲ့ မန္တလေးမှာကတည်းက ပြိုင်ဘက်ကို အမှတ် ၇၀ အကျောပေးလို့ရတဲ့ အနေအထားမို့ ဘာမှစိတ်မပူဖို့လည်း အားပေးထားပါတယ်။ အခုလည်း အမှတ် ၁၀၀ လောက်ထိဖြတ်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ
အလင်းသစ်၊ လင်းရာမ