နေပြည်တော် ဒီဇင်ဘာ ၁၈
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ တတိယလုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)၌ ယှဉ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို သုံးဂိုး-ဂိုးမရှိ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို ရှစ်ဂိုး-ခုနစ်ဂိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံ၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို နှစ်ပွဲပြတ်၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းကို နှစ်ပွဲပြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း က ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ အလုပ်သမားဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)နှင့် ရွှေကြာပင် အားကစားကွင်းတို့၌လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်/စနူကာပြိုင်ပွဲ ဘိလိယက်တစ်ဦးချင်း ဗိုလ်လုပွဲစဉ်၊ ဘိလိယက်နှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်၊ စနူကာ 15 – Red တစ်ဦးချင်း ဗိုလ်လုပွဲစဉ်၊ စနူကာ 15 – Red နှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်တို့ကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များဖြစ်သည့် အမျိုးသမီး ၆၂ ကီလို တန်းအောက်တစ်ဦးချင်း “ကုမိတဲ့” ပြိုင်ပွဲ၊ အမျိုးသား ၅၅ ကီလိုအောက် တစ်ဦးချင်း “ကုမိတဲ့” ပြိုင်ပွဲ၊ အမျိုးသား ၇၅ ကီလိုအောက် တစ်ဦးချင်း“ကုမိတဲ့”ပြိုင်ပွဲ၊ အမျိုးသမီး ၆၁ ကီလိုအောက် တစ်ဦးချင်း “ကုမိတဲ့”ပြိုင်ပွဲ၊ အမျိုးသား ၇၅ ကီလိုထက် တစ်ဦးချင်း “ကုမိတဲ့” ပြိုင်ပွဲ၊ အမျိုးသမီး ၅၅ ကီလိုအောက်တစ်ဦးချင်း “ကုမိတဲ့” ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလိုအောက်တစ်ဦးချင်း “ကုမိတဲ့” ပြိုင်ပွဲ၊ အမျိုးသမီး ၅၀ ကီလိုအောက်တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း “ခတ” ပြိုင်ပွဲ၊ အမျိုးသားတစ်ဦး ချင်း “ခတ” ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းအသင်းလိုက် “ခတ”ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက် “ခတ” ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း TC-1 ၌လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ အမျိုးသား ဆန်းဆို ၄၈ ကီလို၊ ၅၂ ကီလို၊ ၅၆ ကီလို၊ ၆၀ ကီလို၊ ၆၅ ကီလို၊ ၇၀ ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသမီးဆန်းဆို ၄၈ ကီလို၊ ၅၂ ကီလို၊ ၆၀ ကီလိုပြိုင်ပွဲများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
သတင်းစဉ်