Skip to main content

မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ မြွေပုသိမ်ကျေးရွာ၊ မြွေကူးတိုးဆိပ်ကျေးရွာ၊ ဥဒိန်ကျေးရွာ၊ ပုသိမ်ကျေးရွာနှင့် ဆင်ကုန်းကျေးရွာတို့ကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်နေသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မတ္တရာမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါကျေးရွာများ၏ အနီးဝန်းကျင်များတွင် PDF အမည်ခံအကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းမရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်များနှင့် ကွဲလွဲနေသည့် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။