(၂၅-၉-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၀) ဦး အား (၁၉) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီ အချိန်တွင် လည်းကောင်း၊ ထိုင်းနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၄၁) ဦးအား (၉) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီအချိန်တွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီးပြန်လည် ရောက်ရှိခဲ့ကြပါသည်။
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။
၃။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံ သား စုစုပေါင်း(၁၆,၆၅၁) ဦး ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
#Ministry of Foreign Affairs Myanmar