ဦးဖုန်းကျော်ဦး
၂၀၂၄ ခုနှစ် ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ဦးဖုန်းကျော်ဦး
စားပွဲတင်တင်းနစ်အသင်းနည်းပြ
မွန်ပြည်နယ်ကိုယ်စားပြု
ကျွန်တော်တို့ မွန်ပြည်နယ်ကိုယ်စားပြု စားပွဲတင်တင်းနစ်အသင်းအနေနဲ့ ဒီပြိုင်ပွဲဝင်ဖို့ နှစ်လကျော်ကျော်လောက် စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ မွန်ပြည်နယ်က ဝင်ပြိုင်တဲ့ စားပွဲတင်တင်းနစ်ပြိုင်ပွဲဝင်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲအတွေ့အကြုံရှိတဲ့ ကစား သမားသုံးယောက်ပဲပါပြီး ကျန်တဲ့ ကစားသမားတွေကတော့ အခုပွဲမှ စတင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်ကိုယ်စားပြု စားပွဲတင်တင်းနစ်အသင်းအနေနဲ့ ၂၀၂၂ ခုနှစ်က တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် အားကစားပြိုင်ပွဲ အသင်းလိုက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှာ ဆုတံဆိပ်တွေရခဲ့ပါတယ်။ မွန်ပြည်နယ်ကိုယ်စားပြု စားပွဲတင်တင်းနစ်ပြိုင်ပွဲဝင် အရေအတွက်ကတော့ အမျိုးသား ငါးယောက်၊ အမျိုးသမီးလေးယောက်ပေါင်း ကိုးယောက်နဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတိုင်းကတော့ ကောင်းကြပါတယ်။ အနိုင်အရှုံးရလဒ်ကတော့ ကြိုးစားမှုအပြင် ကံကြမ္မာလည်းပါပါ တယ်။ ကစားသမားတွေက လက်ရည်ကောင်းတယ်။ ယှဉ်ပြိုင်ရတဲ့ပွဲကနည်းနေလို့ ကစားသမား တွေအတွက် အခက်တွေ့နေတာဖြစ်ပါတယ်။ နည်းစနစ်ပိုင်းထက် ပုံမှန်လေး လေ့ကျင့်နေမှ ဘောလုံးနဲ့ အမြဲတမ်းထိတွေ့နေမှ ကစားသမားကောင်းတစ်ဦး ဖြစ်လာမှာပါ။ ဒါကြောင့်ကစား သမားကောင်းတစ်ဦးဖြစ်ဖို့ လေ့ကျင့်မှုတွေလိုအပ်သလို ပြိုင်ပွဲတွေရှိမှလည်း လေ့ကျင့်မှုက ထိရောက်မှုရှိတာကြောင့် ပြိုင်ပွဲတွေရှိဖို့လည်းလိုအပ်တာ ဖြစ်ပါတယ်။
ကိုနီလန်း
ဘိလိယက်/စနူကာ
အားကစားပြိုင်ပွဲဝင်
ကချင်ပြည်နယ်ကိုယ်စားပြု
ကျွန်တော့်အတွက် နိုင်ငံတော်အဆင့်ကျင်းပတဲ့ အမျိုးသားအားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်တာ ပထမဆုံးပွဲဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်က မြစ်ကြီးနားမှာ ပြိုင်ပွဲတစ်ပွဲပြိုင်ခဲ့တုန်းကလည်း ဆုတစ်ခုရခဲ့ပါသေးတယ်။ အခုအမျိုးသားအားကစားပြိုင်ပွဲမှာတော့ စနူကာ ၁၅ လုံးနှစ်ယောက် တွဲယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင် ခွင့်ရတာ အလွန်ပဲဂုဏ်ယူမိပါတယ်။ ပထမဆုံးပွဲမှာ ဒီလောက်ထိ ထိုးနိုင်တာ တော်သေးတယ်။ ဒါမျိုးပြိုင်ပွဲတွေ များများလုပ်ပေးလေ ကျွန်တော်တို့ ကစားသမားတွေ ပိုထွက်လာလေဖြစ်တာကြောင့် ပွဲတွေကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။ ဘိလိယက် နဲ့ စနူကာအားကစားက လွယ်လွယ် လေးနဲ့ထိုးလို့မရဘူး။ သေချာစခန်း သွင်းလေ့ကျင့်ပြီးမှ ဆရာတွေ ကောင်းကောင်းနဲ့ လေ့ကျင့်မှပြိုင်ပွဲ ဝင်နိုင်တာပါ။ အဲဒါတောင် အချိန် အများကြီးပေးရတဲ့ အားကစားလည်းဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီပြိုင်ပွဲဖို့ မြစ်ကြီးနားမှာ သုံးလလောက် အပြင်းအထန် လေ့ကျင့်ခဲ့ရတယ်။ အုပ်စုလည်းချောင်လို့ ဒီအဆင့်ထိရောက်ခဲ့တာပါ။ ရခိုင်၊ ပဲခူး စတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါ တယ်။
ကိုအေမီလွင်
အလေးမအားကစားနည်းပြ
ရှမ်းပြည်နယ်ကိုယ်စားပြု
အခု ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်မှာ ရှမ်းပြည်နယ် ကိုယ်စားပြုအလေးမအားကစား အသင်းအနေနဲ့ အောင်မြင်မှုရရှိဖို့အတွက် အလေးမအားကစားသမားတွေကို သုံးလလောက် စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ အလေးမပြိုင်ပွဲမှာ အမျိုးသား အလေးမအားကစားသမား ငါးယောက်၊ အမျိုးသမီးကစားသမား နှစ်ယောက်နဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကစား သမားတွေက လူငယ်လက်ရွေးစင်အားကာ/သိပ္ပံကျောင်းက ကစားသမားတွေ၊ ကစားသမားဟောင်း တွေဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ရှမ်းပြည်နယ် အလေးမအသင်းအနေနဲ့ ရွှေတံဆိပ်တစ်ခုပဲရပါ တယ်။ ပြိုင်ပွဲဝင်အဆင့်ကတော့ နံပါတ်(၄)၊ နံပါတ်(၆)ဝင်ပါတယ်။ ရွှေတံဆိပ်ဆုကတော့ အမျိုးသား အလေးမပြိုင်ပွဲ ၈၁ ကီလိုတန်းကနေရခဲ့တာ ဖြစ်ပါတယ်။ အခုရွှေရတဲ့ ကစားသမားက ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲမှာလည်း ရှမ်းပြည်နယ်ကိုယ်စားပြု ရွှေတံဆိပ် ဆုရခဲ့ပါသေးတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့အတွက် ကျွန်တော်တို့ Youth Camp အနေနဲ့လည်း ကစားသမားရွေးချယ်လို့ရတယ်။ ကစားသမားတွေရဲ့စိတ်ဓာတ်တွေ လည်း တက်ကြွလာမှာဖြစ်ပါ တယ်။
မောင်ရထိုက်ဝေ
အမျိုးသားဘော်လီဘောပြိုင်ပွဲဝင်
အားကစားနှင့် လူငယ်ရေးရာ
ဝန်ကြီးဌာနကိုယ်စားပြု
ဒီနေ့ ယှဉ်ပြိုင်ခဲ့တဲ့ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တာဖြစ်ပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးကိုနိုင်ခဲ့လို့ နောက်ဆုံး ဗိုလ်လုပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနဲ့ ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။ ဒီဘော်လီဘော အားကစားကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးကတည်းက စကစား ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအတွေ့အကြုံကတော့ လက်ရွေးစင်ကစား သမားတစ်ယောက်ဖြစ်တာကြောင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာလည်းဝင်ရောက် ကစားဖူးပါတယ်။ ဆီးဂိမ်းမှာတော့ အဆင့် (၅)၊ အဆင့်(၆)လောက် ပဲရပါတယ်။ ဆုတံဆိပ်တော့မရဖူးသေးပါဘူး။ အခုပြိုင်ပွဲမှာ အခြားဝန်ကြီးဌာနအသင်းတွေက လည်း တော်တော်လေး ပြင်ဆင်လာတာတွေ့ရတယ်။
မဇင်ဝေအောင်
အမျိုးသမီးဝူရှူး(ဆန်းဆို)
ပြိုင်ပွဲဝင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု
အခုအမျိုးသားအားကစားပွဲတော်မှာ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲဝင်ပြိုင်ဖို့ ခြောက်လလောက်ကြာကတည်းက ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ အရင်ကမန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ဝူရှူးအားကစားသမားအနေနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ငွေတံဆိပ်ဆုဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ အားကစားလုပ်ရတာကို ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တာကြောင့် အခုဝူရှူးအားကစားကို သင်ယူလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဝူးရှူးအားကစားနည်းကို ဆက်ပြီးလေ့လာသွားဦးမှာပါ။ အများကြီးလည်း ကြိုးစားသွားမှာပါ။ အခုလိုပြိုင်ပွဲတွေ နှစ်တိုင်းကျင်းပပေးနိုင်ရင်တော့ ကစားသမားတွေအတွက် လေ့ကျင့်ပြီးသားဖြစ်တာပေါ့။ ကျင်းပပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ အားကစားအဆင့်အတန်း မြင့်မားဖို့ဆိုရင်တော့ အားကစားပြိုင်ပွဲရှိမှ ဖြစ်မှာပါ။
ဦးကျော်သီဟ
ဝူရှူးအားကစားနည်းပြ
ရှမ်းပြည်နယ်ကိုယ်စားပြု
အခုပြိုင်ပွဲက အဆင့်မြင့်တယ်၊ နိုင်ငံတကာပြိုင်ပွဲအဆင့်လောက် ရှိတဲ့အတွက် ဒီပြိုင်ပွဲ ဝင်ပြိုင်မယ့် ဝူရှူး အားကစားသမားတွေကို အနည်းဆုံးတစ်နှစ်လောက် လေ့ကျင့်ပေးခဲ့ပါတယ်။ ဝူရှူး(ထောက်လု)ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုး အစားတစ်ခုကိုတစ်ယောက်နှုန်း ကန့်သတ်ထားတဲ့အတွက် အမျိုးသားကစားသမားငါးဦး၊ အမျိုးသမီးကစားသမားငါးဦး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ထောက်လုပြိုင်ပွဲမှာ အဓိကပြိုင်ပွဲကြီးသုံးခု ရှိပါတယ်။ အခုပြိုင်ပွဲက ပြိုင်ပွဲအားကစား သမားတွေအတွက် စာမေးပွဲဖြေရသလိုပါပဲ။ ကိုယ့်ရဲ့အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာကို ပြသတဲ့ပြိုင်ပွဲ လည်းဖြစ်ပါတယ်။ ပွဲတွေများများလုပ်မှ ကလေးတွေရဲ့ အားကစားအရည်အသွေး ဘယ်လောက် တိုးတက်လာတယ်ဆိုတာ သိရှိရမှာလည်း ဖြစ်ပါတယ်။
မနန်းဇော်ထိပ်ထားအောင်
အမျိုးသမီးဝူရှူး(ထောက်လု)
ပြိုင်ပွဲဝင်
ရှမ်းပြည်နယ်ကိုယ်စားပြု
ဒီပြိုင်ပွဲဝင်ပြိုင်ဖို့ ရှမ်းပြည်နယ်တောင်ကြီးမှာ နှစ်လကျော်ကျော်လောက် နံနက်၊ ညနှစ်ချိန်စီခွဲပြီး လေ့ကျင့်ခဲ့ပါတယ်။ အခုလိုနိုင်ငံတော်အဆင့်ကျင်းပတဲ့ ပြိုင်ပွဲတွေမှာတော့ တစ်ခါမှဝင်ပြိုင်ဖူးတာမရှိပေမယ့် ပြည်နယ်မှာကျင်းပတဲ့ ပွဲတွေမှာတော့ ဝူရှူး(ထောက်လု)ပြိုင်ပွဲကို ဝင်ပြိုင်ပါတယ်။ အဲဒီတုန်းကအငယ်တန်းမှာဝင်ပြိုင်တာရွှေတစ်ခု၊ ကြေးနှစ်ခုရခဲ့ပါတယ်။ ပြိုင်ပွဲလုပ်ပေးတာ ကောင်းပါတယ်။ ပြိုင်ဘက်ကစားသမားတွေဆိုပေမယ့်သူတို့ရဲ့ကစားနည်း ကစားဟန်တွေကိုလည်းသိရတယ်။ အတွေ့အကြုံတွေလည်းအများကြီးရပါတယ်။ ။