ရန်ကုန် ဒီဇင်ဘာ ၁၇
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမျိုးသား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက သင်တန်းတွင် WCC အဖွဲ့ဝင်များ အရည်အချင်းပြည့်ဝစေရန် ဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် တာဝန်ခံအရာရှိများက သင်ကြားပို့ချပေးမည်ဖြစ်ပြီး ခုံသမာဓိကောင်စီဝင်များနှင့် ခုံသမာဓိအဖွဲ့ ဝင်များက အငြင်းပွားမှုဖြေရှင်းရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းသည်နှင့်အမျှ အလုပ်ရှင်၊ အလုပ်သမားများအကြား ဆက်ဆံရေးပိုမိုကောင်း မွန်စေပြီး လုပ်ငန်းခွင်မပျက်ဆွေးနွေးညှိနှိုင်းအဖြေရှာ၍ ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေး တည်ထောင်နိုင်မည် ဖြစ်ကြောင်းတိုက်တွန်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကမာရွတ်မြို့နယ်ရှိ M Hospitality & Tourism Institute သို့ သွားရောက်၍ ဟိုတယ်နှင့်အစားအသောက်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးပြီး M Hospitality & Tourism Institute သင်တန်းကျောင်းအနေဖြင့် ဟိုတယ်စားပွဲထိုး ဝန်ဆောင်မှုသင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းအမျိုးအစားများအပြင် အလုပ် အကိုင် အခွင့်အလမ်းများသော အခြားဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမျိုးအစားများကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သင်တန်းဆင်းများကို အရည်အသွေးအာမခံချက်ရှိစေ ရေးအတွက် NSSA အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများတွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခံယူနိုင်ရေးဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်