Skip to main content

ပုံနှိပ်ထုတ်ဝေပြီးစီးသော အဋ္ဌကထာကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

မန္တလေး ဒီဇင်ဘာ ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်သို့ရောက်ရှိပြီး မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသအားဖူးမြော်၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကို မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မစိုးရိမ်တိုက်သစ် ဓမ္မစေတိယကျောင်း၌ ကျင်းပသည့် ကွန်ပျူတာစာမူဖြင့် ပုံနှိပ်ထုတ်ဝေပြီးစီးသည့် အဋ္ဌကထာကျမ်းစာအုပ် ၁၅ အုပ်တို့ကို ပရိယတ္တိစာသင်တိုက်ကြီးငါးတိုက်တို့မှ ဆရာတော်များအား ဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်မဟာနာယက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကအဋ္ဌကထာ ကျမ်းစာအုပ်များ ကွန်ပျူတာစာစီမူဖြင့် ပုံနှိပ်ထုတ်ဝေ ရေး စီစဉ်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လျှောက်ထားသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်က သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယခုကဲ့သို့ ဆဋ္ဌသင်္ဂါယနာတင်ပိဋကသုံးပုံ အဋ္ဌကထာ၊ ဋီကာတို့အား ခဲစာလုံးမူမှ ကွန်ပျူတာစာမူသို့ ပြောင်းလဲပုံနှိပ်ခြင်းသည် သာသနာတော်ကြီးနှင့် သံဃာတော် ရဟန်းရှင်လူများအတွက် များစွာကောင်းမွန်၍ အကျိုးသက်ရောက်မှုရှိပါကြောင်း၊ ပြီးဆုံးအောင်မြင်အောင်လည်း ဆက်လက်ဆောင်ရွက်သွားစေလိုပါကြောင်း မိန့်ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က အကျိုးတော်ဆောင် ဆရာတော်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များထံ ဓမ္မစေတီကျမ်း စာအုပ်များနှင့် သင်္ကန်းစသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး မဟာဓမ္မိကာရာမတိုက် မိတ္ထီလာကျောင်း ဆရာတော်နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယထံသို့ အဋ္ဌကထာ ကျမ်းစာအုပ် ၁၅ အုပ်နှင့် ပရိက္ခရာတို့ကိုလှူဒါန်းကာ နံ့သာမြိုင်ဗိုလ်ကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသထံ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

သတင်းစဉ်